၁၆. ၆.၂၀၂၄
Written by Nay Moe
မန္တလေးမြို့လယ်ခေါင်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို လူ ၂ ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့မှု ဇွန်လ ၁၃ ရက်နေ့ကဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက် ညနေ ၅ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂ လမ်း၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြား၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော် (အနောက်)ရပ်ကွက်နေ ဦးဝင်းအောင်(၄၁)နှစ်သည် ပြည်ကြီးရန်လုံရပ်ကွက်မှ ၎င်း၏နေအိမ်သို့ ၁၂ လမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် အကြမ်းဖက်သူ အမျိုးသားနှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီ ၅၀ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကိုအောင်ခေတ်မင်း(၂၁)နှစ်သည် မန္တလေး- မိုးကုတ်သွားကားလမ်းမိုင်တိုင်အမှတ် ၆၇ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားရှိ လမ်းဘေး၌ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသားနှစ်ဦး(စစ်စိဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုအောင်ခေတ်မင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။