၁၆.၆.၂၀၂၄
Written by KL
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၃၄/၇) တွင် ဇွန်လ ၁၅ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်ကမိုးကောင်းကင်ခရီးသည်တင်ယာဥ် ကျော်တက်မောင်းနှင်ရာမှ ရွှေပုပ္ပါးခရီးသည်တင်ယာဥ် ဝင်တိုက်ခံရပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဥ်မောင်းအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယာဥ်မောင်းအပါအဝင် ၅ ဦးလိုက်ပါလာသော HINO အမျိုးအစား ရွှေပုပ္ပါး ခရီးသည်တင်ယာဥ်မှာ ကျောက်ပန်းတောင်းဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဥ် လားရာတူ အနောက်မှ ယာဥ်မောင်းအပါအဝင် ၁၃ ဦး လိုက်ပါလာသော Scania အမျိုးအစား မိုးကောင်းကင်ခရီးသည်ယာဥ်က ကျော်တက်မောင်းနှင်ရာမှ ရွှေပုပ္ပါးခရီးသည်တင်ယာဥ်၏ နောက်ဘက်ခြမ်းကိုဝင်တိုက်ကာ လမ်းလယ်ကျွန်းအနီးတွင် လဲကျတိမ်းမှောက်ခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
ယာဥ်တိုက်မှုကြောင့် ရွှေပုပ္ပါးခရီးသည်တင်ယာဥ်မောင်း အသက် ၆၀ အရွယ် ဦးချစ်ဝေတွင် ဦးခေါင်းညာဘက်ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်တံတောင် ပေါက်ပြဲဒဏ်ရာ ပါးစပ်သွေးထွက်ဒဏ်ရာရရှိခဲ့ရာ လူနာမှာစိုးရိမ်ရကြောင်း၊ယင်းအပြင် အသက်၂၃နှစ်အရွယ် အမျိုးသားမှာ ဘယ်ဘက်တံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ၊ ဘယ်ဘက်နားထင်ပေါက်ပြဲဒဏ်ရာနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသားမှာ ဘယ်ဘက်ခြေမျက်စိပွန်းဒဏ်ရာနှင့် ခါးနာကျင်ဒဏ်ရာတို့ ရရှိခဲ့သဖြင့် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ထားရသည်။
ထို့အပြင်ယာဥ်တိုက်မှုကြောင့် ရွှေပုပ္ပါးခရီးသည်တင်ယာဥ်မှာ ခေါင်းပိုင်းနှင့်နောက်ပိုင်းဘယ်ဘက်အခြမ်း ပိန်ချိုင့်ပျက်စီးခဲ့ပြီး မိုးကောင်းကင်ခရီးသည်တင်ယာဥ်မှာ ရှေ့လေကာမှန်နှင့် ဦးခေါင်းပိုင်းပျက်စီးခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် မိုးကောင်းကင်ခရီးသည်တင်ယာဥ်မောင်း အသက် ၃၈ နှစ်အရွယ် ဦးခင်မောင်ထူးကို ပုဒ်မ ၃၃၈/၃၃၇/၂၇၉တို့ဖြင့် စကားအင်းရဲစခန်းက အမှုဖွင့်အရေးယူထားသည်။