၁၅. ၆. ၂၀၂၄
Written by Nyein Kyaw
လာမည့် ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် လာမည့်အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံရေးကိုအကြောင်းပြုပြီး မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပါက မိမိတို့၏ တိုးတက်မှုများ နောက်ကျနေခဲ့မည်ဖြစ်ကြောင်း၊ ထိုကြောင့် မိတ္ထီလာဒေသရှိ ပြည်သူများအနေဖြင့် မိမိတို့တွင် ရှိပြီးသားဖြစ်သည့် အခြေခံကောင်းများကို အသုံးချ၍ ဒေသဖွံဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။