◾️ စားသောက်ဆိုင် ဗုံးခွဲမည်ခြိမ်းခြောက်လုယက်သည့်တရားခံနှင့် ဆိုင်ကယ်စီးလာသူများထံမှ ရွှေထည်ခုနစ်ကြိမ်လုယက်သူများပါ ဖမ်းမိထားကြောင်း ထုတ်ပြန်လာ
၁၅. ၆. ၂၀၂၄
Written by Nyein Kyaw
မန္တလေးတိုင်းမြို့အတွင်းမှ Sky Mobile Phone အရောင်းဆိုင်နှင့် Paradise Mobile Phone အရောင်းဆိုင်များအတွင်းသို့ ဓားရှည်များကိုင်ဆောင်ဝင်ရောက်ကာ ဖုန်းများလုယက်ယူဆောင်ခဲ့သူ တရားခံများဖမ်းဆီးနိုင်ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဥ်များမှာ ယခု ဇွန်လ ၂ ရက်နှင့် ၁၂ ရက်နေ့တို့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ရှိ Sky Mobile Phone အရောင်းဆိုင်နှင့် Paradise Mobile Phone အရောင်းဆိုင်တို့ရှိ လက်ကိုင်ဖုန်းမျိုးစုံ ၂၅ လုံးအား ဓားရှည်များ ကိုင်ဆောင်အသုံးပြု၍ လုယက်ယူဆောင်ခဲ့သူ တရားခံများဖြစ်သည့် ကျော်ဇင်ခန့်(ခ)ငပြူး(၂၀)နှစ်၊ (ဘ) ဦးဇော်မင်းနောင်အား မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၈ လမ်း၊ ၆၉ လမ်းနှင့် ၇၀ လမ်းကြားရှိ နယူးရွှေထိပ်တန်းတည်းခိုခန်း၊ အခန်းအမှတ် B-1 တွင်လည်းကောင်း၊ ဟိန်းမင်းစိုး (ခ)ဖိုးသား(၂၈)နှစ်၊ (ဘ)ဦးစိုးမြင့်အား ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား၊ ၁၁၂ လမ်းပေါ်ရှိ Maple တည်းခိုခန်း၊ အခန်းအမှတ် (၃၀၅)တွင် လည်းကောင်း လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် I Phone အမျိုးအစား လက်ကိုင်ဖုန်း ၉ လုံး၊ Redmi A3 အမျိုးအစား လက်ကိုင်ဖုန်း ၇ လုံးနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားရှည် ၂ ချောင်း တို့နှင့်အတူ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံ ကျော်ဇင်ခန့်(ခ)ငပြူးနှင့် ဟိန်းမင်းစိုး(ခ)ဖိုးသားတို့၏ ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးမှ Mobile Phone အရောင်းဆိုင်များအား လုယက်မှုကျူးလွန်စဉ် ဖမ်းဆီးရန်ကျန်တရားခံ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာနေ မိုးဆန်းအောင်(ခ)ပိစိ(၂၉)နှစ်၊ (ဘ)ဦးအေးဆောင်က ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းနှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား အပေါင်ခံသူများဖြစ်ကြသည့် ရန်ကျော်(၃၄)နှစ်၊(ဘ)ဦးခင်မောင်ဝင်း၊ မောင်မောင်ချစ်(၂၉)နှစ်၊ (ဘ) ဦးမောက်၊ ဌေးမင်းသူ(၃၄)နှစ်၊ (ဘ)ဦးသိန်းမောင်တို့နှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား ရောင်းချပေးသူများဖြစ်ကြသည့် ခိုင်ဇာလင်း(၂၀)နှစ်၊(ဘ)ဦးလင်းထိန်၊ သက်သက်ဦး (၁၆)နှစ်၊ (ဘ)ဦးအောင်မျိုးဝင်းနှင့် ဖွေဖွေးလှိုင်(ခ)မျိုးသန္တာလှိုင်(၁၆)နှစ်၊(ဘ)ဦးနိုင်ဝင်းတို့ကိုပါ ဇွန်လ ၁၃ ရက် နေ့လယ် ၂ နာရီအချိန်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ မန္တလေးမြို့ပေါ်၌ ပြည်သူများအား အထိတ်တလန့်ဖြစ်စေရန် ရည်ရွက်ချက်ဖြင့် ဖောက်ခွဲရေးသုံး ပစ္စည်းများဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မဟာမြိုင်(၂) ရပ်ကွက်၊ ၄၃ (အေ)လမ်း၊ ၆၁ လမ်းထောင့်ရှိ Royal Star စားသောက်ဆိုင်ရှေ့တွင် အမျိုးသား ၂ ဦးမှ လက်ပစ်ဗုံး ၁ လုံးနှင့် ဓားမြှောင် ၁ ချောင်းတို့အား ကိုင်ဆောင်၍ ဆိုင်ဝန်ထမ်းများအား ရန်ရှာခြိမ်းခြောက်နေကြောင်း သတင်းအရ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲရန်ခြိမ်းခြောက်ခဲ့သူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ ဒ-၉/၁၀၆ နေ ဝင်းမြိုင်(၅၆)နှစ်၊ (ဘ)ဦးချစ်ခင်အား MG-1 လက်ပစ်ဗုံး(၁)လုံး၊ အရိုးအသွား ၁၃ လက်မခန့်ရှိ ဓားအိမ်ပါ ဓားဦးချွန်(၁)ချောင်းဖြင့် လည်းကောင်း၊ ဓားဦးချွန်ကိုင်ဆောင် ခြိမ်းခြောက်ခဲ့သူ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာရှိ အောင်မြေမန္တလာဝန်ထမ်းအိမ်ရာနေ ကျော်ဇေယျာ (၃၉)နှစ်၊ (ဘ)ဦးကျော်ဌေးအောင်အား ဓားဦးချွန် ၁ ချောင်းဖြင့် လည်းကောင်း ဇွန်လ ၁၃ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အထက်ပါဖြစ်စဥ်များအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များအတွင်း လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သူ ပိုင်စိုး (ခ) ပိုင်ပိုင်စိုး (ခ) ရှရစ်ဘိုင်(၃၂)နှစ်၊ (ဘ)ဦးအောင်သန်းအား ဇွန်လ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ပိုင်စိုး (ခ) ပိုင်ပိုင်စိုး(ခ) ရှရစ်ဘိုင်သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များအတွင်း ခိုးမှုနှင့်လုယက်မှု ၂ မှုတို့ဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရဖူးသူဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် မေလအတွင်း ၎င်းသည် ဖမ်းဆီးရန်ကျန်တရားခံ ကျောက်ဆည်မြို့နယ်၊ လက်ပံကျေးရွာနေ မျိုးမင်းလတ်နှင့်အတူ အမရပူရမြို့နယ်အတွင်းရှိ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ စုစုပေါင်းနေရာ ၇ ခုတို့တွင် ဆိုင်ကယ်စီးနင်း သွားလာသူများထံမှ ရွှေထည်ပစ္စည်းများအား လုယက်မှု(၇)ကြိမ် ကျူးလွန်ခဲ့သူဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး အမှုများမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေးနှင့် အမှုမှဖမ်းဆီးရန် ကျန်တရားခံ မျိုးမင်းလတ်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့ ကြသူ ဖမ်းဆီးရမိ တရားခံ စုစုပေါင်း(၁၁)ဦးတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုများ ဖွင့်လှစ်ထားရှိပြီး ကွင်းဆက်တရားခံနှင့် ဖမ်းဆီးရန်ကျန်တရားခံများ ထပ်မံဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ရပ်ရွာများအတွင်း အကြမ်းဖက်မှုများနှင့် ဒုစရိုက်မှု များမဖြစ်ပွားစေရေး အကြမ်းဖက်သမားများနှင့် ဒုစရိုက်သမားများ၏ လှုပ်ရှားဆောင်ရွက်မှုသတင်းများအား သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပေးသတင်းထုတ်ပြန်ထားသည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ကျော်ဇင်ခန့်(ခ)ငပြူး၊ ဟိန်းမင်းစိုး(ခ)ဖိုးသားနှင့် ဖမ်းဆီးရန် ကျန်တရားခံ မိုးဆန်းအောင်(ခ)ဝိစိတို့ ၃ ဦးသည် ဇွန်လအတွင်း မန္တလေးမြို့ပေါ် ရပ်ကွက်များ၌ ဓားထောက်၍ ဆိုင်ကယ်လုယက်မှု ၃ မှုအား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး အဆိုပါ အမှုများမှ CZI အမျိုးအစား သက်သေခံဆိုင်ကယ် ၁ စီးအား သိမ်းဆည်းရမိခဲ့ကာ ကျန်သက်သေခံ ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲ တိုက်ခိုက်မှုများကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေ ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။