ဖြိုးဝေ
၁၅. ၆. ၂၀၂၄
MSME စက်မှုလုပ်ငန်းတွေအတွက် သက်သာတဲ့နှုန်းထားနဲ့ စက်မှုဇုန်တွေမှာ မြေနေရာ ငှားရမ်းပေးနိုင်ရေး ဆောင် ရွက်သွားမယ်ဆိုတဲ့ ရက်သတ္တပတ်မှာပဲ FATF ရဲ့ အရေး ယူမှုအန္တရာယ်က တိုးတက်ရေးဆောင်ရွက်ရာမှာ လက်ရှိနှစ်အတွက် ကျောက်မျက်၊ ရွှေရောင်းဝယ်သူတွေ၊ အိမ်ခြံမြေကဏ္ဍတို့ကို ကြီးကြပ်စစ်ဆေးမှုက ကြီးမားစွာလိုက်နာတဲ့ ရလဒ်ကောင်း ရရှိခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ဒီတစ်ပတ်မှာ ရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း အခြေခံစားကုန်တွေရဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ဖို့ အသား၊ ငါးနဲ့ ရာသီသီးနှံ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊ သန်လျင်နဲ့ သီလဝါ ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ သန်လျင်တံတားအမှတ်(၃) က ၂၀၂၁ ခုနှစ် နိုင်ငံရေးအခြေအနေကြောင့် တုံ့ဆိုင်းခဲ့လို့ နိုင်ငံတော်က ရန်ပုံငွေ ကျပ် ၄၆ ဘီလျံကျော် ထည့်ဝင်တည်ဆောက်ခဲ့ရတယ်ဆိုတဲ့ ဖြစ်စဉ်တွေနဲ့ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်မှာ ဆောင်ရွက်နိုင်တဲ့ပမာဏကို ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်ပြီး တစ်ရက် အများဆုံးကျပ်သိန်း ၁၀၀ အထိသာ လွှဲပြောင်းနိုင်မယ်ဆိုတဲ့ဖြစ်စဉ်တွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် မိုးစပါးစိုက်ပျိုးကုန်ကျစရိတ်က တစ်ဧက ခန့်မှန်း ကျပ် ၈ သိန်းလောက်အထိ ကုန်ကျလာတဲ့အကြောင်း၊ လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေစျေးနဲ့ ငွေစျေးတွေက မဖြစ်နိုင်တဲ့ စျေးတွေလို့ SAC ဥက္ကဋ္ဌပြောလာတဲ့အကြောင်းတွေနဲ့ မြန်မာ့စီးပွားရေးက တုံ့ဆိုင်းနေဦးမယ်လို့ ကမ္ဘာ့ဘဏ်ပြောလာတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ တစ်ဧက ကျပ် ၈ သိန်းလောက် ကုန်ကျတဲ့ မိုးစပါး ကုန်ကျစရိတ်
အခုနှစ် မိုးစပါးစိုက်ပျိုးမှုအခြေအနေမှာ ထွန်ရေးချနေပြီဖြစ်ပေမယ့် လယ်လုပ်သားပြဿနာ၊ စက်သုံးလောင်စာဆီပြဿနာနဲ့ သွင်းအားစု စျေးနှုန်းတွေ ခေါက်ချိုးမြင့်တက်နေလို့ တောင်သူတွေ ထုတ်လုပ်စရိတ်တိုးမြင့်နေပြီး၊ အကျိုးအမြတ်ကတော့မရှိသလောက်မို့ နာလန်မထူနိုင်ဖြစ်နေရသလို လယ်ယာလုပ်သားရှာဖွေမရတာကြောင့် စက်နဲ့ ထွန်ယက်ပေမယ့် ဒီဇယ်ဆီစျေးနှုန်း တစ်ဂါလံ ကျပ် တစ်သောင်းကျော်အထိ မြင့်တက်နေပြီး ဓာတုဗေဒဓာတ်မြေသြဇာနဲ့ သွင်းအားစုစျေးနှုန်းတွေကလည်း အရင်က ကျပ်တစ်သောင်းတန်က အခု ကျပ် သုံးသောင်းမို့ ပျှမ်းမျှ လယ်တစ်ဧကရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်က ၈ သိန်းပတ်လည်မှာ ကျသင့်နေပါတယ်။
“အရင်က လယ်တစ်ဧကကို ကျပ် ၁၅၀၀၀၀ နဲ့ ထုတ်လုပ်ကုန်ကျရင် ရပေမယ့် အခု ကျပ် ၈ သိန်းလောက်သွားနေတယ်။ လယ်သမားက မတတ်နိုင်တဲ့အခါ စပါးပေးနဲ့ အပြင်ကုမ္ပဏီတွေကနေ ထပ်ပြီး ငွေယူရပြန်ရော။ အပြင်မှာ ရောင်းလို့ ၁၀ သိန်းရရင် သူတို့ကို ၇ သိန်းနဲ့ ပြန်သွင်းရတယ်။ လယ်သမားမှာ အနာချည်းပဲ။ ဒါပေမယ့် အကြွေးသံသရာလည်နေတော့ နှစ်တိုင်းအချိန်ကျရင် လုပ်ရတာပဲ ရပ်လိုက်လို့မှ မဖြစ်တာ ” လို့ တောင်သူဦးကြီး ဦးဆန်းလေးက ဆိုပါတယ်။
ပြည်သူတွေ ငတ်ပြတ် ကျပ်တည်းလာရမှုအရင်းခံဖြစ်တဲ့ ဆန်စျေးမြင့်တက်မှုအရင်းခံ စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ လယ်တစ်ဧကကို ကျပ် ၈ သိန်းလောက်ကုန်ကျပြီး အရင်တုန်းက ၂ သိန်းပတ်ခြာလည်ပဲ ကုန်ကျခဲ့ရာက လေးဆနီးပါးမြင့်တက်မှုအခြေအနေကို လက်ရှိမှာရင်ဆိုင်လာရတာလည်းဖြစ်ပြီး အရင်တုန်းက တစ်ဧက ကျပ် ၁၅၀၀၀၀ နဲ့ ၂ သိန်းကြားပဲ ကုန်ကျတာပါ။ အခုလို တစ်ဧက ကျပ် ၈ သိန်းလောက်ကုန်ကျလာတဲ့အကျိုးဆက်က ပြည်သူတွေ ရင်စည်းခံပေးရပြီး ပေါ်ဆန်းတစ်အိတ်ကို သုံးဆကျော်တက်လို့ လက်လီစျေးမှာ ကျပ် ၂ သိန်းကျော်ဖြစ်လာတဲ့အပြင် ဆန်ကြမ်းတောင် အနိမ့်ဆုံး ၇၀၀၀၀ ကျော်လာလို့ ဆန်ကွဲစားနေရတာက မြန်မာပြည်သူတွေဘ၀ ဖြစ်လာနေတာကို တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း စိုက်ပျိုးမြေတွေက မိုင်းကွင်းဖြစ်လာနေလို့ တစ်ဧက ၁၅၀၀၀၀ ပဲ ချေးပေးတဲ့ မိုးစပါးချေးငွေတွေကတောင် အရင်လို ဘီလျံထောင်ချီ မချေးပေးရတော့ဘဲ ဒီနှစ်ဆို ကနဦးမှာ ဘီလျံ ၇၀၀ တောင် မပြည့်ဘူးဆိုတာက စိုက်ပျိုးမှု ထက်ဝက်နီးပါးလောက်ကျသွားလို့ ချေးငွေထုတ်ပေးရတဲ့ အခြေအနေပါ လျော့ကျသွားတယ်ဆိုတာကို မြင်သာစေခဲ့ပါတယ်။ သေချာတာကတော့ လက်နက်ကိုင်တာက အကောင်းဆုံးစီးပွားဆိုတာ သဘော ပေါက်လာကြတဲ့ လူတွေကို မထိန်းချုပ်နိုင်သရွေ့တော့ သွင်းအားစုထိန်းချုပ်ခံရတာ၊ လုပ်သားရှားပါးတာ၊ ဆက်ကြေးတွေ၊ ထိန်းချူပ်မှုတွေ၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်အလုံးစုံဟာ သာမန်ပြည်သူတွေအပေါ်ပဲ ပိပြီးရင်းပိလာမှာဖြစ်ပြီး ဆန်ကွဲတောင်မှ မစားနိုင်တော့ရင် အောက်ကျုံးဆန်တွေ၊ ဆန်ပါ လုံး၀မစားနိုင်တဲ့အခြေအနေတွေ ပြန်မြင်လာရတော့မှာဖြစ်သလို လက်နက်ကိုင်ဖို့ မြှောက်ပေးမိတဲ့ ကိုယ်စိုက်ပျိုးတဲ့အကျိုးဆက် ဒါ့ထက်ကို ရင်စည်းခံကြရဦးမယ်ဆိုတာလည်း ကြာလေ ပိုသိလေဖြစ်လာကြဦးမှာပါ။
◾ မဖြစ်နိုင်တဲ့ ရွှေစျေး၊ ငွေစျေး
ဝိသမလောဘသမားတွေဟာ ရွှေနဲ့ငွေကြေးဈေးနှုန်းတွေ ဆွဲတင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မေလအကုန်ပိုင်းမှာ ပြည်တွင်းရွှေစျေးတွေ စံချိန်တင်မြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၈ သိန်းကျော်နဲ့ ဒေါ်လာဈေး ကျပ် ၄၈၀၀ ခန့်အထိ မြင့်တက်ခဲ့ပေမဲ့ ဒီစျေးတွေက မဖြစ်နိုင်တဲ့ စျေးတွေဖြစ်သလို တိုင်းပြည်စီးပွားရေးကျဆင်းအောင် ဝိုင်းဝန်းတိုက်ခိုက်တာဖြစ်သလို လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့စျေးနှုန်းနား ပြန်ကျနေပြီလို့လည်း SAC ဥက္ကဋ္ဌက ပြောကြားလာတာ တွေ့ရပါတယ်။
ရွှေစျေး၊ ငွေစျေး စျေးကစားသူတွေကို ထိန်းကျောင်းအရေးယူနေတယ်ဆိုတဲ့အချိန်မှာ YGEA လို ရွှေလုပ်ငန်းရှင်များအသင်းကလည်း စျေးကစားသူတွေကို ဖမ်းဆီး၀ရမ်းထုတ်နေချိန်ကြမှ ကျပ် ၈ သိန်းခွဲလောက်အထိကို ရက်ပိုင်းနဲ့ ခုန်တက်ပြီး စျေးကစားသူတွေနဲ့ ဝိသမသားတွေအလိုကျ လုပ်ပေးတဲ့အခြေအနေမျိုးဖြစ်ခဲ့ရတာကြောင့်လည်း YGEA ရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို တာဝန်ရှိသူတွေက ခေါ်ဆောင်ပြီး ရွှေစျေးတွက်ချက် သတ်မှတ်ပုံ စစ်မေးရတဲ့အခြေအနေလည်းဖြစ်ခဲ့ပေမဲ့ ပြင်ပရွှေစျေးကတော့ ဇွန်လ ၁၄ ရက်မှာ ၅၄ သိန်းခွဲအထိ အမြင့်ဆုံးမှာပဲ ဆက်ဆွဲတင်နေတဲ့ အခြေအနေပါ။ ဒါပေမဲ့လည်း ဖမ်း၀ရမ်းထုတ်ခံရတဲ့အထဲ ပါဝင်တဲ့ အောင်သမာဓိနဲ့ အကယ်ဒမီရွှေဆိုင်တွေကတော့ ပြင်ပက စျေးကစား ဆွဲတင်ထားတဲ့ တစ်ကျပ်သား ၅၄ သိန်းခွဲနဲ့ မရောင်းဘဲ ရွှေအသင်းက ဇွန်လ ၁၄ ရက်နေ့မှာ သတ်မှတ်ထားတဲ့ တစ်ကျပ်သား ၄၆၂၉၅၅၁ ကျပ်နဲ့ပဲ ရောင်းပေးနေတယ်လို့ ထုတ်ပြန်လာတာလည်း တွေ့ရပြန်ပါသေးတယ်။ ဒါကြောင့်မို့လို့ အခုဆိုရင်တော့ ပြည်တွင်းရွှေစျေးဟာ ရွှေအသင်းသတ်မှတ်တဲ့ ရွှေတစ်ကျပ်သား ၄၆ သိန်းကျော်ရုံနဲ့ ရောင်းပေးတာက တစ်ဖွဲ့၊ ကျပ် ၈ သိန်းလောက်ခွာပြီး ဆွဲတင်ထားတဲ့ ရွှေစျေး တစ်ကျပ်သား ၅၄ သိန်းခွဲနဲ့ ရောင်းနေတာက တစ်ဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲတဲ့ အနေအထားဖြစ်နေတာပါ။ ဒီနှစ်ဖွဲ့ကွဲတဲ့ အနေအထားမှာ ရွှေစျေးကစားသူတွေ စနစ်တကျ ထပ်မထိန်းရင်၊ ရွှေရောင်းဝယ်မှုကို အရေးကြီးကုန်စည်ဥပဒေနဲ့ အချိန်မီမထိန်းရင် မကြာခင်မှာ ဒီရွှေစျေးက ပြန်ဆွဲတင်စျေးကစားတဲ့ စျေးမှာပဲ ပြန်ရောင်းကြဦးမယ့် အနေအထားပဲ ပြန် ဖြစ်လာမှာ အသေအချာပါ။
◾ တုံ့ဆိုင်းဦးမဲ့ မြန်မာ့စီးပွား
အလုံးစုံပျက်သုဥ်းရေးလုပ်မယ်ဆိုပြီး တက်ညီလက်ညီဖျက်ဆီးနေတဲ့နိုင်ငံတစ်ခုက စီးပွားရေးကျဆင်းမယ်၊ စီးပွားရေးတန့်မယ်ဆိုတာက အဆန်းမဟုတ်ပါဘူး။ ဒါကြောင့်လည်း ကမ္ဘာ့ဘဏ်က ထူးပြီးမဆန်းတဲ့သုံးသပ်ချက်အဖြစ် သူ့နောက်ဆုံးခန့်မှန်းမှုမှာ မြန်မာ့စီးပွားရေးက ကုန်ထုတ်လုပ်မှုအပေါ် အဟန့်အတားဖြစ်စေတဲ့ ပဋိပက္ခ၊ မေခရိုစီးပွားရေး မတည်ငြိမ်မှုနဲ့ နေရပ်ရွှေ့ပြောင်းရမှုတို့ကြောင့် စိန်ခေါ်မှုများစွာ ဆက်လက်ရင်ဆိုင်နေရပြီး စီးပွားရေးတိုးတက်မှု ဆက်လက်နှေးကွေးနေမယ်လို့ လူပြိန်းတောင်သိနိုင်တဲ့ခန့်မှန်းချက်တစ်ရပ်ကိုပဲ ပုံမှန်အတိုင်း ထုတ်လာခဲ့ပါတယ်။
ဖျက်ဆီးတိုက်ခိုက်သူ တစ်ဦးတစ်လေရှိနေရင်တောင် တိုးတက်မှု ရပ်သွားတဲ့လူ့ဘဝမှာ၊ ဘင်္ဂါလီဖြစ်ရပ်လေးတစ်ခုကတောင် မြန်မာ့စီးပွားရေးရော၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆွဲချသွားတယ်ဆိုတာကို NLD အစိုးရဟောင်းလက်ထက်က သက်သေမြင်ခဲ့ရပြီးတဲ့နိုင်ငံမှာ ခွဲထွက်ချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NUG က မထောက်ပံ့ ပြည်သူကမလှူတော့လို့ ဆက်ကြေးကောက်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲလုယက်နေတဲ့ PDF တွေ၊ အလုံးစုံပျက်သုဥ်းရေးပဲ EAOs၊ NUG နဲ့ PDF က လုပ်နေတာတွေ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမလုပ်ဘဲ အလုံးစုံပျက်သုဥ်းရေးလုပ်မယ်ဆိုတဲ့သူတွေကို အားတက်သရောထောက်ခံနေတာတွေ၊ တိုင်းပြည်ငွေကြေးလည်ပတ်မှုပျက်ပြားပြီး ကျပ်ငွေတန်ဖိုးကျအောင်လုပ်နေတဲ့ NUG Pay မှာ ဝင်ကစားနေကြတာတွေက အဖွဲ့ရာထောင်ချီ၊ လူသိန်းချီရှိနေတဲ့အချိန်မှာ သိကြားမင်းဆင်းလာကယ်တာတောင် စီးပွားရေးတိုးတက်မှု ပြန် မရနိုင်တဲ့အခြေအနေတွေပါ။ ဒီလိုမျိုး လက်နက်ကိုင်ဘက်အသီးသီးက လက်နက်ကိုင်တွေနဲ့ မိုက်ရူးရဲထောက်ခံသူနှစ်သန်းလောက်ကြားမှာ လက်နက်ကိုင်အကြမ်းဖက်မှုထောက်ခံနေသရွေ့ မြန်မာ့လူဦးရေ ၅၃ သန်းလောက်က တိုင်းပြည်လည်းပျက်၊ စီးပွားလည်းကျ၊ ကုန်စျေးနှုန်းတက်လို့လည်း ငတ်၊ ကြီးပွားချမ်းသာဖို့ရက်ဆိုတာ လိုက်လေဝေးလေ ဆက်ဖြစ်နေမှာမို့ လက်နက်ကိုင်အကြမ်းဖက်မှုထောက်ခံနေသရွေ့ စိတ်အေးချမ်းသာနေရမယ့်ရက်ဆိုတာ ဆယ်စုနှစ်ချီပျောက်ရှနေမှာလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။