၁၅.၆.၂၀၂၄
Written By Zun
ငါးနှစ်သမီးအား မုဒိန်းကျင့်ရန် ကြံစည်ပြီး ကျောက်ခဲဖြင့် ထုသတ်ခဲ့မှုတစ်ခု ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ မကြီးထုံးအုပ်စု၊ ကွေ့မကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ ဇွန်လ ၁၄ ရက်က တရားလိုဖြစ်သူဆရာတော်သည် မြေးတော်စပ်သူ မဝိုင်းချစ်(၅)နှစ်နှင့်အတူ ဘုန်းကြီးကျောင်း၌ရှိနေစဉ် ကွေ့ မကျေးရွာနေ ကျော်ကျော်နိုင်ရောက်ရှိလာပြီး မဝိုင်းချစ်နှင့်အတူ ကျောင်းရှေ့တွင် ဆော့ ကစားနေသည်ကို တွေ့ မြင်ခဲ့ကြောင်း၊ ခဏအကြာတွင် ကုက္ကိုလ်ကုန်းကျေးရွာမှ အမည်မသိ ဒါယကာတစ်ဦး ရောက်ရှိလာပြီးစကားပြောနေ၍ မြေးဖြစ်သူအား သတိမထားမိခဲ့ကြောင်း၊ ညနေ ၄ နာရီခွဲခန့်တွင် မြေးဖြစ်သူနှင့် ကျော်ကျော်နိုင်တို့ ဆော့ကစားနေသည်ကို မတွေ့တော့သဖြင့် လိုက်လံရှာဖွေရာ မတွေ့ရှိသဖြင့် ရွာသူရွာသားများအား အကူအညီတောင်းခံ၍ ထပ်မံရှာဖွေခဲ့ကြောင်း အမှုဖွင့်တိုင်တန်းရာတွင် ဖော်ပြထားမှုအရ သိရသည်။
ထိုသို့ ရွာသူရွာသားများဖြင့် လိုက်လံရှာဖွေရာ ညနေ ၆ နာရီခွဲခန့်အချိန် ဘုန်းကြီးကျောင်း၏ တောင်ဘက် (၂) ဖာလုံခန့်ဝေးသော တောင်ခြေလျှိုအတွင်း မြေးဖြစ်သူ မဝိုင်းချစ်အား အဝတ်အစားမပါရှိဘဲ မှောက်လျက်အနေအထား၊ ကုတ်ပေါ်တွင်(၂) ပိဿာခန့်ရှိ ကျောက်ခဲဖြင့် ဖိလျက် သေဆုံးနေသည့်အခြေအနေတို့ကိုတွေ့ရှိရသည့်အပြင် မဝိုင်းချစ်၏ နားတွင် ဝတ်ဆင်ထားသော ကာလတန်ဖိုး ၁၄၀၀၀၀ ခန့် တန်ဖိုးရှိ ရွှေနားကပ် (၁)ရံလည်း ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။
ထို့အတူ မဝိုင်းချစ်၏ လက်ဝဲမျက်ခုံးအပေါ်ဘက် နဖူးသွေးထွက်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ လက်ဝဲမျက်လုံး တစ်ဝိုက် ညိုမဲ ဖူးရောင်ဒဏ်ရာနှင့် နှာခေါင်း သွေးထွက်ဒဏ်ရာများ ရရှိထားကြောင်း တွေ့ရှိရသဖြင့် မဝိုင်းချစ်အား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ပြီး အသက်သေဆုံးသည်အထိ ကျောက်ခဲဖြင့် ထုသတ်၍ ဝတ်ဆင်ထားသော ရွှေနားကပ်(၁)ရံကိုပါ ဖြုတ်ယူသွားသော အမှုတို့ဖြင့် ကျော်ကျော်နိုင် အား ဥပဒေ အရ အရေးယူပေးရန် တရားလိုဆရာတော်က တိုင်တန်းခဲ့ရာ ပန်းတောင်းရဲစခန်းက (ပ) ၁၂၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆/၅၁၁/၃၉၄ ဖြင့် အမှုဖွင့်ခဲ့ကြောင်း MT News က ရရှိထားသော အချက်အလက်များအရ သိရသည်။
အမှုဖွင့်ပြီးနောက် သေဆုံးသော ကလေးငယ်၏ ရုပ်အလောင်းကို ပန်းတောင်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထိုက်စိုး မှ PR-05/2024 ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်းနှင့် ကျူးလွန်သူ ကျော်ကျော်နိုင်ကို လိုက်လံ ဖမ်းဆီးရာ ဇွန်လ ၁၄ ရက် ည ၁၀ နာရီခန့်တွင် ဖမ်းဆီးရမိကြောင်း သိရပြီး ယခုအခါ အဆိုပါ ကျူးလွန်သူဟုဆိုသူကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။