၁၅.၆.၂၀၂၄
Written By Zun
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်တွင် ယခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာသင်ကျောင်းပေါင်း ၃၆ ကျောင်းခန့် ပိတ်ထားရသောကြောင့် စာမသင်ရသည့် ကလေး ၅၀၀ ခန့် ရှိနေကြောင်း သိရသည်။
“လဟယ်မြို့နယ်မှာ ကျေးရွာပေါင်း ၉၆ ရွာ နီးပါးရှိပါတယ်။အထက်တန်းကျောင်း ၃ ကျောင်းရှိပြီး နဂိုက အင်အားစာရင်းအရဆိုရင်တော့ ကျောင်းဆရာ၊ ဆရာမ ၃၀၀ လောက် ရှိပါတယ်။ အခုကတော့ ကျောင်းဆရာ ဆရာမတွေက ပြောင်းရွှေ့လျှောက်ထားကြတာဖြစ်လို့ မလုံလောက် ဖြစ်နေတာကြောင့် စာသင်မယ့်သူမရှိတဲ့ ကျောင်းတွေကို ပိတ်ထားတာ”ဟု လဟယ်မြို့ခံတစ်ဦးက MT News ကို ပြောသည်။
ပြီးခဲ့သည့် ပညာသင်နှစ်တွင် လဟယ်မြို့နယ်အတွင်းမှ ဆရာ၊ ဆရာမ အရေအတွက် ၁၀၀ ကျော် ပြောင်းရွှေ့သွားပြီးနောက် ယင်းပြောင်းရွှေ့နေရာတွင် ဆရာ၊ ဆရာမများ အစားထိုးရောက်မလာသောကြောင့် ဆရာ၊ ဆရာမ လုံးဝမရှိဖြစ်နေကြောင်း သိရသည်။
“ရွာတွေက တချို့ကျောင်းတွေ မှာ အလက(ခွဲ)အနေနဲ့ ရထားတာရှိရင် အဲဒီရွာမှာရှိတဲ့ ကျောင်းသားတွေက မြို့ပေါ်ကျောင်းကို ရွှေ့လာလို့ မရဘူး။ ကိုယ့်ရွာမှာပဲ ကိုယ် သင်ခွင့်ရှိတယ်။ မြို့ပေါ်မှာလည်း ဆရာ၊ ဆရာမ ဦးရေနဲ့ ကျောင်းသားဦးရေ မလုံလောက်ဘူးလေ”ဟု ယင်းဒေသခံက ထပ်မံ ပြောသည်။
လဟယ်မြို့နယ်သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်တစ်ခု ဖြစ်ပြီး အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ လဟယ်မြို့ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆရာ၊ ဆရာမ မရှိသည့် အဖြစ်များ ရှိနေသည့် အတွက် ကျောင်းအချို့ ပိတ်ထားရသည့် အခြေအနေမျိုး ရှိနေသော်လည်း သာသနပါလပရဟိတကျောင်း အနေဖြင့် မြို့ပေါ်တွင် အခမဲ့စာသင်ဝိုင်း အနည်းဆုံး ၂ ဝိုင်းခန့်ကို သင်ကြားပေးမှုများပြုလုပ်ကြောင်းလည်း သိရသည်။
“ဦးပဉ္ဇင်းတို့ကျတော့ G-10 နဲ့ G -12 ကို အခမဲ့စာသင်ဝိုင်းအနေနဲ့ သင်ပေးနေပါတယ်။ မြို့ပေါ်မှာ အခပေး စာသင်ဝိုင်းတွေ ၂ ဝိုင်း လည်းရှိနေပါတယ်။ ဘော်ဒါဆောင်လိုမျိုးပေါ့”ဟု လဟယ်မြို့ ညာရေးနှင့် ပတ်သက်၍ နာဂတောင်တန်းဒေသလဟယ်မြို့နယ်၊ သာသနပါလပရဟိတကျောင်း(ခွဲ) မှ ဘဏ္ဍာရေးနှင့် ပြန်ကြားရေးတာဝန်ခံ ဦးပဉ္ဇင်းတစ်ပါးက MT News ကို မိန့်ကြားသည်။
လဟယ်မြို့နယ်အတွင်း၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဇွန်လ ၁ ရက်ထိ ကျောင်းအပ်နှံမှုစာရင်းစာရင်းအရ ၁၀၀၁၁ ဦးရှိပြီး ကျောင်းအပ်နှံမှု ရာနှုန်းမှာ ၈၂ ရာနှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ပုံစာ- လဟယ်မြို့၊ သာသနပါလပရဟိတကျောင်း(ခွဲ)တွင် အခမဲ့ သင်ကြားပေးနေသော စာသင်ဝိုင်း။