၁၅.၆.၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ အတ်တရာခန်ပြည်နယ်၊ ဘတ်ရီနတ်မြို့အနီး အဝေးပြေးလမ်းမကြီးပေါ် Tempo traveller ခရီးသွားလုပ်ငန်းက ခရီးသည် ၂၃ ဦးလိုက်ပါလာတဲ့ ကားတစ်စီးဟာ ချောက်နက်တစ်ခုအတွင်း ဇွန်လ ၁၅ ရက်က ထိုးကျခဲ့ရာမှာ အနည်းဆုံးခရီးသည် ၈ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေကိုဆေးရုံသို့ တင်ပို့ထားရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြည်နယ်အတွင်း ဘေးအန္တရာယ်ကယ်ဆယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံရဲတပ်ဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်။
အဆိုပါကားက နွိုင်ဒါမြို့ဘက်မှ ရူဒရာပရာယက်မြို့ဘက်ကိုမောင်းလာစဉ် လမ်းဘေးက ချောက်နက်ထဲကို ကျသွားခဲ့တာပါ။ ချောက်က မီတာ ၁၅၀ ကနေ ၂၀၀ အထိနက်မယ်လို့ မှန်းဆရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက သေဆုံးသူ ၇ ဦးကိုရှာတွေ့ပြီး ဆေးရုံကို ဒဏ်ရာရသူ ၉ ဦးပို့ပေးခဲ့တဲ့အနက် ၁ ဦးထပ်ပြီး သေဆုံးခဲ့ပါတယ်။ ယာဉ်မောင်းဟာလည်း ဆိုးဆိုးဝါးဝါးဒဏ်ရာရခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆက် လက်ဆောင်ရွက်နေပါတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောခဲ့ပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုက ရာရှီကတ်ရှ်နဲ့ ဘတ်ရီနတ်မြို့တို့ကို ဆက်သွယ်ထားတဲ့အဝေးပြေးလမ်းမကြီးပေါ်မှာဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ နောက်ဆုံးသတင်းတွေအရ သေဆုံးသူက ၁၀ ဦးအထိဖြစ်လာပြီလို့လည်း ETV Bharat သတင်းဌာနက ဖော်ပြထားပါတယ်။
Ref-Times of India