October 24, 2024

၁၅. ၆ .၂၀၂၄
Written by Hey Mar

ကလေးတစ်ဦးကို ကူညီကယ်တင်ဖို့ရာမှာ တွေဝေစရာ အချက်အလက်တွေက ကလေးငယ်ရဲ့ဘဝ ပိုနစ်မွန်းဖို့ ဖြစ်လာစေတာကိုနားလည်ပေမယ့် ဥပဒေဘောင်အတွင်းက လုပ်ကိုင်ရတာမို့ စိတ်ခံစားချက်နဲ့ လုပ်လို့မရနိုင်တဲ့အတွက် လမ်းဘေးကနေ တွေ့ရှိခေါ်ဆောင်လာတဲ့ကလေးကို မိဘဆိုသူတွေဆီ ပြန်လည်အပ်နှံလိုက်ပြီလို့ မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ဆိပ်မှ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က သိမ်ဆိပ်ဘုရားကုန်းအနီး အဝတ်ထုပ်ပိုက်လျှက် ငိုနေတဲ့ အသက် ၅ နှစ် (ခန့်မှန်း) အရွယ် ယောကျာ်းလေးတစ်ဦးကို အကြင်နာတွဲလက်လူမှုကူညီရေးအသင်းက သူတို့အသင်းရုံးကို ခေါ်ဆောင်လာခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင် မျက်မြင်တွေ့ရှိတာတွေအရ ကလေးကို ကားတစ်စီးပေါ်က လာရောက်ချထားခဲ့တာလို့ ဆိုတာကြောင့် အခုလို အသင်းရုံးကို ခေါ်ဆောင်လာတာပါ။

အသင်းရုံးရောက်ပြီး ၄ ရက်မြောက်နေ့မှာတော့ ကလေးက လမ်းမပေါ်က ဖြတ်သွားတဲ့ ကလေးချီထားတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရှိပြီး အမေလို့ အော်ဟစ်ခေါ်တာကြောင့် အသင်းရုံးကလည်း အဆိုပါအမျိုးသမီးကို လိုက်လံခေါ်ယူ ကလေးနဲ့ တွေ့ဆုံပေးခဲ့တယ်လို့ ဆိုပါတယ်။

အကြင်နာတွဲလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော်တို့က ကလေးက အမေလို့ ခေါ်တဲ့သူကို ကလေးရှေ့ခေါ်လာပေးတော့ အရမ်းပျော်နေတာ။ သူပါလာတဲ့ ပစ္စည်းတွေ သွားယူပြီး ပြန်လိုက်ဖို့ တာဆူနေတာ။ ဒါပေမယ့် ကလေးအမေက ငါတို့တောင် အခုထိ ထမင်းစားရသေးတာမဟုတ်ဘူး။ နင်ပြန်လိုက်လာရင် နင့်ပထွေးက ရိုက်မှာပေါ့။ ငတ်မှာပေါ့ ဆိုတာမျိုးပြောတော့ ကလေးက မျက်ရည်ကျတယ်။ ပြီးတော့ ရုံးခန်းက စားပွဲခုံအောက် ဝင်ပုန်းနေတယ်။ အဲ့ဒီ့အချိန် ကျွန်တော်တို့က ကလေးအမေကိုကူညီဖို့ လိုအပ်တာတွေ မေးဖြစ်တယ်” လို့ MT News ကို ပြောပါတယ်။

အကြင်နာတွဲလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ကလေးအမေနဲ့ စကားပြောကြည့်ရာမှာ ကလေးအမေက နောက် အိမ်ထောင်ထူထောင်ထားပြီး အဖေတူ အမေကွဲ နောက်ထပ် ကလေးနှစ်ဦး ရှိကြောင်း၊ အဆိုပါအသင်းက တွေ့ရှိခေါ်ဆောင်လာတဲ့ ကလေးကိုလည်းမမွေးနိုင် မကျွေးနိုင်လို့ တခြားသူကို စာချုပ်နဲ့ ပေးထားတာမှာ ကလေးကို အခုလို လာပြန်စွန့်ပစ်တာဖြစ်ကြောင်း၊ ပြန်လည်ခေါ်မသွားနိုင်ကြောင်း ပြောတယ်လို့သိရပါတယ်။

“ကလေးက ချက်ချက်ချာချာပါ။ ရုံးမှာ ၃ ရက်လောက်နေတာတော့ ဘာကရိကထမှ မပေးခဲ့ပါဘူး။ ဒါပေမယ့် ကလေးအမေစကားနဲ့ ကလေးစကား ကွဲလွဲနေတာက ကလေးကို သူ့အဖေက ဘုရားကုန်းနားမှာ ထားခဲ့တာလို့ ကလေးကဖြေတယ်။ အမေဆိုတဲ့ အမျိုးသမီးကလည်း သူက ပေါင်ဘက်က လို့ ပြောပေမယ့် သူ့တို့ကို အကြောင်းသိ တွေ့ရှိသူတွေက သိမ်ဆိပ်ဘက်ပဲလို့ ပြောတဲ့သူတွေရှိတယ်။ အိမ်ခြေရာမဲ့ ခြေသလုံးအိမ်တိုင် စွန့်ပစ်ပစ္စည်းကောက်ယူပြီးရောင်းချ အသက်မွေးတာ တောင်းရမ်းတာ လုပ်တယ်လည်း ပြောကြတယ်” လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။

သူက ဆက်လက်ပြီး “ကလေးအမေက ကလေးအကြောင်းပြ လိမ်လည်နေတာမျိုးဖြစ်စဥ်လို့ မသင်္ကာတဲ့အတွက် ကလေးကို မိခင်နဲ့ ပြန်ထည့်လိုက်ပြီး အကယ်၍ မွေးစားစေချင်ပါက သားသမီးမှန်ကန်ကြောင်း အပြီးအပိုင် ပေးအပ်ကြောင်း၊ ပြန်လည်ခေါ်ယူတာမျိုး၊ ကလေးအကြောင်းပြ ပြဿနာရှာတာမျိုးမလုပ်ပါဘူးဆိုတဲ့ကြောင်း၊ အရင်စာချုပ်နဲ့ မွေးစားဖို့ ပေးလိုက်တယ်ဆိုတဲ့သူတွေကိုလည်း ကလေးကို မလိုချင်လို့ ပြန်စွန့်ပစ်တာမှန်ကြောင်းနဲ့ မိဘတွေက သွားရောက်ခေါ်ယူတာမဟုတ်ကြောင်း တွေ့ဆုံ အာမခံချက်တောင်းပေးပါလို့ ပြောပေမယ့် တစ်စုံတစ်ရာ တိတိကျကျ မလုပ်ပေးနိုင်တာရယ်၊ ကလေးက အမေနဲ့ ညီအစ်ကိုတွေကိုတွေ့တော့ ပျော်နေတာရယ်၊ မကျွေးနိုင်ဘူးဆိုလို့ ငိုနေတာတွေ ကျွန်တော်တို့ တွေ့ရ သနားရပေမယ့်၊ မိဘတွေက မရိုးသားတဲ့အတွက် သံသယဖြစ်စရာတွေ ကလေးကို အသုံးချနေတာတွေ တွေ့ရတဲ့အတွက် ပြန်ထည့်လိုက်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုတာတွေ တိတိကျကျပေးနိုင်ရင် ဒီနေ့ ဇွန်လ ၁၅ ရက်မနက် လာပြန်ပို့လို့ မနေ့က မှာလိုက်ပေမယ့် အခုထိတော့ လာမပို့သေးဘူး” လို့ ဆိုပါတယ်။

အကြင်နာတွဲလက် လူမှုကူညီရေးအသင်းအနေနဲ့ ကလေးမိခင်နဲ့ ပြန်မတွေ့ဆုံခင်တုန်းက ကလေးကို ပရဟိတ ဘုန်းကြီးကျောင်းမှာ ချိတ်ဆက်နေထိုင်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်နေပေမယ့် ကလေးအမေနဲ့ ညှိနှိုင်းလို့မရတဲ့ အခြေအနေတွေရှိခဲ့ပြီး ကလေးကို အပေးအယူလုပ်တဲ့ အခြေအနေတချို့လည်းရှိနေတာကြောင့် ပြတ်ပြတ်သားလုပ်ကိုင်ဖို့ လိုအပ်တဲ့ အခြေအနေမို့ အခုလို စောင့်ကြည့်နေတာလို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့က သနားတယ်ဆိုပြီး စွတ်လုပ်လို့မရပါဘူး။ သူတို့က မိရင်းတွေပါ။ ဥပဒေကြောင်းတွေပါလာရင် ပြဿနာရှာရင် ကျွန်တော်တို့ပဲ ဒုက္ခရောက်မှာ” လို့ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *