MT News
Written By Naddy
ခြောက်ခြားစရာတွေ ပရလောကဖြစ်ရပ်ဆန်းပုံစံ “မဖဲဝါနှင့် တာတေ” ရုပ်သံဇာတ်လမ်းတွဲမှာ လောကီအရှုပ်တော်ပုံကို အကောင်းဆုံးပုံဖော်ထားတယ်လို့ ဒါရိုက်တာ သီဟမင်းညီက M T News ကို ပြောပါတယ်။
“‘အောင်မြတ်သာ’ ၊ ‘ဂမ္ဘီရဘသိုက်’ ရိုက်ကူးထုတ်လွှင့်ချိန်မှာ ပရိသတ်အားပေးမူရလာခဲ့တယ်။ ပရိသတ်ကလည်း နောက်ထွက်မယ့်ဇာတ်ကားတွေကို မျှော်လာတယ်။ အသစ်အဆန်းမရှိဘူးလားပေါ့။ မဖဲဝါ ဇာတ်လမ်းကလည်း စာဖတ်ပရိသတ် တော်တော်ကြီးတယ်။ ဆရာကြီး တာတေနဲ့ ကျွန်တော်သွားတွေ့ပြီး အလုပ်လုပ်ဖြစ်သွားတာပါ။ ဆရာကြီးက ကျွန်တော်ရိုက်မယ့်ဆိုတော့ ပိုအားရသွားတယ်။ ဗီဒီယိုခေတ်က မဖဲဝါနဲ့ မတူဘဲ ပုံစံကို ဆန်းသစ်ထားပါတယ်။ လူတွေ သိခဲ့တဲ့ မဖဲဝါသည် ခြောက်လန့်ခြင်းတမျိုး ဦးစားပေးလုပ်ခဲ့တာ များတယ်။ မဖဲဝါတွေ့တာနဲ့ ကြောက်လန့်မူဦးစားပေး ရိုက်ခဲ့တယ်ဆိုပေမယ့် အခုက ပုံစံပြောင်းထားတယ် ”လို့ ဒါရိုက်တာသီဟမင်းညီက ပြောပါတယ်။
မဖဲဝါနှင့် တာတေ ဇာတ်ကားကို ဇာတ်လမ်း တာတေ ၊ ဇာတ်ညွှန်း ဖိုးကျော် (သန်လျင်) တို့က ရေးသားပြီး ဒါရိုက်တာ သီဟမင်းညီက ရိုက်ကူးထားသလို သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသူ ၊ လင်းအောင် ၊ ကျော်၀င်းထွဋ် ၊ စံပယ်မိုး စတဲ့ အနုပညာရှင်များနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရိုက်ကူးထားတဲ့ အပိုင်း ၁၅ ကို ပြသမဲ့ ရုပ်သံလိုင်းကိူ မကြာမီ ကြေညာမယ်လို့ သိရပါတယ်။
“မဖဲဝါသည် လူတွေ ကယ်တင်ခြင်းကူညီခြင်း မသမာသူတွေ အကျိုးအမြတ်ရှာခြင်းကို လူသားဆန်စွာ အကျိုးပြု ကယ်တင်ပေးခြင်းကို ဦးတည်ရိုက်ကူးထားပါတယ်။ အဓိက ဇာတ်ကောင်ကတော့ တာတေပေါ့။ တာတေကတော့ စပ်စုတဲ့ ကောင်လေးပေါ့။ တာတေကလည်း လူတိုင်းရဲ့ အသုံးချခြင်းကို ခံရတယ်။ တာတေက သူ့လောဘကြောင့် လုပ်တာမဟုတ်ဘူး ကူညီချင်တယ်။ စပ်စုချင်တယ်။ စူးစမ်းလေ့လာတယ်။ သူက အန္တရာယ် မဖြစ်ဘူး။ မသမာသူကတော့ ဒုက္ခရောက်တယ်။ လောကီအရှုပ်တော်ပုံလို့လည်း ပြောလို့ရပါတယ်။ သဘာဝ လွန်ဖြစ်ရပ်တွေရှိတယ်။ ပရလောကဆက်နွယ်တဲ့ ဇာတ်လမ်းလေးပါ။ အကြောက်တရားဆိုတာထက် ပညာယူသင့်တာ ယူရမယ်။ လူတွေက ကတိတစ်ခုနဲ့ အလုပ်လုပ်သင့်တယ်။ ကတိမတည်ရင်မကောင်းဘူး။ ပရလောကသားတွေဆီက ကိုယ့်အကျိုးမရှာပါနဲ့ဆိုတဲ့ Message ပေးထားပါတယ် ”လို့ သူကဆက်ပြောပါတယ်။