၁၅.၆.၂၀၂၄
Written By Zun
ကချင်ပြည်နယ်၊ ပူတာအို၊ ချီဖွေ၊ မြစ်ကြီးနား၊ ဗန်းမော်တို့တွင် KIA နှင့်ပူးပေါင်းတပ်များက အစိုးရတပ်စခန်းများကို တိုက် ခိုက်နေသောကြောင့် နိုင်ငံအတွက် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကချင်ပြည်နယ်အထူးဒေသ(၁)၊ ပန်ဝါဗဟို ဌာနချုပ်ရှိ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်က ထုတ်ပြန်မှုအရ သိရသည်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ကျုးကျော်လာသည့် KIA နှင့် PDF များကို အမြစ်ပြတ်ချေမှုန်းရန် ဦးဇခုန်တိန့်ယိန်းက စစ်မိန့်ပေးခဲ့သော်လည်း ယမန်နေ့တွင် ကချင်ပြည်နယ်အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက တိုက်ပွဲများရပ်တန့်ပေးကြရန် တောင်းဆိုချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်းလည်း ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် တာဝန်ရှိသူက MT News ကို အတည် ပြုခဲ့ခြင်းဖြစ်သည်။
“ဥက္ကဋ္ဌကြီးက ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်”ဟု ယင်းက ဆိုသည်။
အစိုးရကို ဆန့်ကျင်တိုက်ခိုက်သော တိုက်ပွဲများမှာ ပြည်တွင်း၌ပင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအချင်း ချင်း ဖြစ်ပွားနေသောကြောင့် တိုက်ပွဲကို ရပ်တန့်ပေးရန် ဦးဇခုန်တိန့်ယိန်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲ့လိုတိုက်ခိုက်လာတဲ့အတွက်ကြောင့် နိုင်ငံတော်မှာ ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေ ဖြစ်စေတယ်။ တပ်မတော်လည်း ထိခိုက် နစ်နာပါတယ်။ အလားတူစွာ စစ်ပွဲဖော်ဆောင်တဲ့အတွက်ကြောင့် တစ်ဖက်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ကလည်း ထိခိုက်မှုတွေ၊ သေကြေဆုံးရှုံးမှုတွေ မုချရှိမှာပဲလို့ ခန့်မှန်းနားလည်နိုင်တယ်။ ဒီလို တိုက်ပွဲတွေကြောင့်ပဲ ဒေသခံပြည်သူလူထုတွေအနေနဲ့ အိုးအိမ်တွေကို စွန့်ခွာရတယ်။ အင်မတန်ကြီးမားတဲ့ဒုက္ခတွေကို ကျရောက်စေတယ်။ ကိုယ့်နိုင်ငံထဲမှာပဲ၊ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ပြည်သူအချင်းချင်းကြားမှာ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ တိုက်ပွဲကို ရပ်ပေးကြပါ။ နိုင်ငံနဲ့ ပြည်သူတွေကို အကာအကွယ်ပေးကြပါ။ ပြည်သူတို့ရဲ့ ဒုက္ခတွေကို ငြိမ်းချမ်းမှုနဲ့ အမြန်ဆုံးကုစားနိုင်မှ အားလုံးအတွက် အကျိုးရှိမယ်။ တိုက်သာတိုက်နေရင်တော့ တိုင်းပြည်နစ်နာမယ်။ ဘယ်အဖွဲ့မဆို နစ်နာမယ်။ ဆုံးရှုံးမယ်။ တစ်ချိန်တည်းမှာ “တော မီးလောင်၊ တောကြောင် လက်ခမောင်းခတ်”ဆိုသလိုပဲ တိုင်းတစ်ပါးပယောဂက ဝင်ရောက်လာမယ်။ ဒီဟာက ကျွန်တော်တို့တိုင်းပြည်ကို အမုန်းတရားဖြစ်နေတဲ့လူတွေအတွက် လမ်းခင်းပေးသလိုဖြစ်စေပါမယ်။ ဒါကြောင့်မို့လို့ စစ်ပွဲကို ရပ်ပစ်ဖို့ လမ်းကို ရွေးချယ်သင့်ပါတယ်”ဟု ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ထုတ်ပြန်ချက်ကတစ်ဆင့် ပြောဆိုထားသည်။
လွန်ခဲ့သော နှစ်ပေါင်း (၃၀)ကျော်ကပင် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းမှုရယူထားကာ အဖက်ဖက် တိုးတက်အောင်တည် ဆောက်လျက်ရှိသော ကချင်ပြည်နယ် ငြိမ်းချမ်းရေးနယ်မြေဒေသဖြစ်သည့် ဆော့လော်၊ ချီဖွေ၊ ဝိုင်းမော်၊ ဆဒုံး ဧရိယာရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး ပြန်လည်ပျက်စီးသွားမည်ကို ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိန်းက စိုးရိမ်ပူပန်နေကြောင်းလည်း သိရသည်။
ယင်းကြောင့် နိုင်ငံရေးဆွေးနွေးစေ့စပ် ဖြေရှင်းရန် လိုအပ်ကြောင်းနှင့် ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ရန် လိုလားကြောင်းလည်း ၎င်းက ဆိုသည်။
“အဓိက ကတော့ နိုင်ငံတော်မှာ နိုင်ငံရေးဆွေးနွေးစေ့စပ် ဖြေရှင်းဖို့လိုတယ်။ ဥပဒေတစ်ခု ဘောင်အတွင်းမှာ ရှင်သန်ဖို့လိုတယ်ဆိုပြီးမှ ဆွေးနွေးဖို့တွေ လိုပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ပေးဖို့၊ ဖော်ဆောင်ကြဖို့ ကျွန်တော်တို့အနေနဲ့ လိုလားပါတယ်။ အဲဒီနေရာဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ကချင်ပြည်နယ်သူပြည်သား၊ မြန်မာနိုင်ငံ ပြည်သူပြည်သားအားလုံးရဲ့ အကျိုးကို ဖြစ်စေပါတယ်။ ဒီနယ်မြေဒေသရဲ့ ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးတာကလည်း တစ်တိုင်းပြည်လုံးရဲ့ တိုက်တဲ့ဘက်ကရော၊ အတိုက်ခံရတဲ့ဘက်ကရော ထိခိုက်နစ်နာဆုံးရှုံးတာပဲလို့ ကျွန်တော်တို့ မြင်တယ်။ ဒီ စစ်ပွဲကို မလိုလားဘူး။ မထောက်ခံဘူး။ ကျွန်တော်တို့ဒေသ ပြည်သူတွေအနေနဲ့လည်း ရွာတိုင်းရွာတိုင်း စစ်ပွဲကို မလိုလားဘူးဆိုတာကို ပြည်သူ ပြည်သားတွေ၊ ရွာသူရွာသားတွေကိုလည်း တင်ပြပြီး ဖြစ်ပါတယ်။ ဒါကို အကောင် အထည်ဖော်ပေးဖို့ လိုနေပါတယ်”ဟု ယင်းက ပြောကြားထားသည်။