၂၃. ၁၂. ၂၀၂၂
Written by Tha Doe
ထိုင်းအစိုးရစီစဥ်သည့် အာဆီယံဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲသို့ SAC ဝန်ကြီးသုံးဦးတက်ရောက်ပြီး လွတ်လပ်၍တရားမျှတသော အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေမှုများ၊ အာဆီယံမူငါးချက်အပေါ် အကောင်အထည်ဖော်မှုများ၊ NUG, PDF တို့ကို အာဆီယံက ထောက်ပံ့မှုမပြုသင့်ကြောင်း ယင်းတို့သတ်ဖြတ်သည့်လုပ်ရပ်များနှင့် ရှင်းပြတောင်းဆိုခဲ့သည်။
အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်လျက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အလွတ်သဘောဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သည်။
အဆိုပါအလွတ်သဘော ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံးဆေးကိုမာဆစ်နှင့် ဗီယက်နမ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒိုဟုန်ဗီယက်တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ၏ တူညီဆန္ဒ(၅)ချက်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စ၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို ရှင်းလင်းပြောကြားခြင်းနှင့် မကြာမီကထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်သည့် အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်တို့ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အာဆီယံ၏ တူညီဆန္ဒ(၅)ချက်အကောင်အထည်ဖော်လျက်ရှိရာတွင် မြန်မာအစိုးရက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသည့် ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရေး ဆောင်ရွက် နေသည့်ကိစ္စ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည့်ကိစ္စနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လွတ်လပ်၍ တရားမျှတသည့်အထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စတို့ကို ပြောကြားခဲ့သည်။
တူညီဆန္ဒ(၅)ချက် မူဘောင်အောက်မှ AHA Center နှင့် ပူးပေါင်းဆောင်ရွက်နေသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို လိုအပ်သူအားလုံးထံရောက်ရှိရေးနှင့် ခွဲခြားမှု မရှိဘဲ တန်းတူညီမျှပေးသည့်ကိစ္စများတွင်လည်း မြန်မာနိုင်ငံလုပ်ငန်းအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိ ဌာနများနှင့် ပူးပေါင်းကာပံ့ပိုးပေးလျက်ရှိကြောင်းကိုလည်း မြန်မာကိုယ်စားလှယ် အဖွဲ့က ရှင်းလင်း ပြောကြားခဲ့ပါသည်။
မြန်မာအစိုးရ၏ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေမှုများကို မတရားသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG၊ PDF များက ပျက်စီးစေလိုသည့်ဆန္ဒဖြင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေပြီး၊ ယင်းတို့၏လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများနှင့် သီလ ရှင်များ၊ ဝန်ထမ်းများ သေကြေခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်၊ ဈေးများ အပါအဝင်နိုင်ငံပိုင်နှင့် ပြည်သူပိုင် အဆောက်အဦများ၊ လမ်း၊ တံတား၊ ပို့ဆောင်ဆက်သွယ်ရေး ယာဉ်များ၊ လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲမီးရှို့ဖျက်စီးခြင်း ခံနေရကြောင်း၊ ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များသည် နိုင်ငံတကာဥပဒေနှင့် ဂျီနီဗာကွန်ဗင်းရှင်းကို ဖောက်ဖျက်နေသည့်အတွက် ဆက်သွယ်ဆောင်ရွက်ရန် မသင့်ကြောင်း၊ ထိုသို့အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အားပေး ထောက်ခံခြင်း မပြုသင့်ကြောင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။