October 24, 2024

၁၅.၆.၂၀၂၄
Written By Thandar

သက်ကြီးဟာသပညာရှင်ကြီးတွေကို ၁၄ ကြိမ်မြောက်ထောက်ပံ့ဖို့ ရန်ပုံငွေရှာဖွေပွဲကို လာမယ့် ဇွန်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တို့မှာ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်၊ (၂၀)ရပ်ကွက် ဘုန်းကြီးကျောင်းကွေ့ သီရိမင်္ဂလာဘုန်းကြီးကျောင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် (A) ရှိ အင်ကြင်းလမ်းနဲ့ ပုဏ္ဏမီလမ်းထောင့်က ဣစ္ဆာသယဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။

“သက်ကြီးပညာရှင်ကြီးတွေဆိုတာ ရုပ်ရှင် ၊ သဘင် ၊ ဂီတ နေရာအလိုက်မှာရှိပါတယ်။ သက်ကြီးဟာသပညာရှင်တွေအတွက် ပွဲမလုပ်ခင် ပါဝင်လှူဒါန်းပေးဖို့ အသနားခံတာပါ။ တစ်နှစ်မှာတစ်ကြိမ်ကန်တော့ဖြစ်ခဲ့တာပါ။ သူတို့အတွက် အနုပညာကြေးတွေ ဘယ်သူမှမယူဘဲ မေတ္တာစေတနာနဲ့ ပါဝင်ကူညီထောက်ပံ့ပေးဖို့အတွက် ကုသိုလ်ယူမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် စားဝတ်နေရေး ဆေးဖိုးဝါးခထောက်ပံ့ပေးဖို့ပါ။ တချို့ အသက် ၆၀ ဆိုရင် ပင်စင်ရသွားသလိုပါပဲ။ ဒီအသက်အရွယ်ကြီးလာရင် လူတွေခေါ်မသုံးကြတော့တဲ့အတွက် ပွဲပုံစံလေး ကျင်းပပြီး လှူဒါန်းသွားမှာပါ” လို့ လူရွှင်တော် ကိုစံလင်းက ပြောပါတယ်။

အဆိုပါ အလှူခံ ဖျော်ဖြေပွဲမှာတော့ စတန့်မင်းသားကိုဂျွန် ၊ လူရွှင်တော်တွေဖြစ်ကြတဲ့ စံလင်း ၊ ကြယ်သီး ၊ ကြည်သာ(ပွဲကြိုက်ခင်) ၊ မင်းသမီးဝါဝါခိုင်တို့က တေးသီချင်းတွေ ကပြ ဖျော်‌ဖြေရင်းနဲ့ နံနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ Live ထုတ်လွှင့်ပြီး အလှူခံသွားမှာလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအနေနဲ့ ယခင် ၂၀၂၃ ခုနှစ်က အသက် ၆၅ နှစ်အထက် သက်ကြီးဟာသပညာရှင် လူဦးရေ ၇၀ ကျော်ကို လှူဒါန်းခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် အကန်တော့ခံဟာသပညာရှင် ၁၅၀ ကျော်ကို ကန်တော့နိုင်ဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို)ရဲ့ ၁၃ ကြိမ်မြောက် သက်ကြီးပူဇော်ကန်တော့ပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က နေပြည်တော်ရှိ MICC-2 မှာ ကျင်းပခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *