October 24, 2024

၁၄.၆. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားနှစ်ဦးသည် ဇွန်လ ၁၃ ရက်နေ့ညပိုင်းက အမည်မသိသူတစ်ဦး၏ ဓားဖြင့်လိုက်လံထိုးခုတ်တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ဆိုင်ကယ်ဖြင့်ထွက်ပြေးခဲ့ရာ ဖူးခက်မြို့ ဆရီဆွန်သွန်လမ်းမပေါ်၌ အစားအစာပို့ဆောင်သူတစ်ဦးစီးလာသော ဆိုင်ကယ်ဖြင့် ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါအဖြစ်အပျက်သည် ဖူးခက်မြို့အကျဉ်းထောင်အပြင်ဘက်ရှိ သုံးလမ်းဆုံနေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းမပေါ် ဆိုင်ကယ်နှစ်စီး လဲကျနေခြင်းကို တွေ့မြင်ခဲ့ကြောင်း ဖူးခက်မြို့ သာလန်အရပ်ဒေသရှိ ရဲတပ်ဖွဲ့ကပြောသည်။

အစားအစာပို့ဆောင်သည့် ဆိုင်ကယ်ကို မောင်းနှင်လာသူသည် အသက် ၄၁ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ကာ မြန်မာနိုင်ငံသားနှစ်ဦးကိုလည်း ဆိုင်ကယ်တိုက်မှုဖြစ်ပွားသည့်နေရာမှ မီတာ ၂၀ အကွာတွင် တွေ့မြင်ခဲ့ကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ မြန်မာနိုင်ငံသားနှစ်ဦးသည်လည်း ကျောကုန်းနှင့် ညာဖက်လက်များတွင် ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါဒဏ်ရာရခဲ့သော မြန်မာနိုင်ငံသား နှစ်ဦးကို သာလန်ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့ကြောင်း၊ မြန်မာနိုင်ငံသားနှစ်ဦးက ၎င်းတို့သည် အမည်မသိသူတစ်ဦး၏ ဓားဖြင့် လိုက်လံတိုက်ခိုက်ခြင်းကိုခံရပြီးနောက် ဆိုင်ကယ်မောင်းကာထွက်ပြေးလာချိန်တွင် အစားအစာပို့ဆောင်သော ဆိုင်ကယ်မောင်းနှင်သူနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးနေပြီး မြန်မာနိုင်ငံသားနှစ်ဦးကို ဓားဖြင့်လိုက်လံတိုက်ခိုက်ခဲ့သောသူကို အတိအကျသိနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

REF Thaiger

Leave a Reply

Your email address will not be published. Required fields are marked *