October 24, 2024

၁၄. ၆. ၂၀၂၄
Written by Hey Mar

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်မှာ ဓားနဲ့သေနတ်ကိုင်ဆောင် အသုံးပြုကာ ဆိုင်ကယ်လုယက်မှု ကျူးလွန်နေသူတွေကို တာချီလိတ်ရဲတပ်ဖွဲ့က လိုက်လံစီးနင်းတိုက်ခိုက်ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်မြို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဇွန်လ ၁၄ ရက်နေ့ မနက်အစောပိုင်းက တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းဆုံ၊ ကြီးမြတ် သောရွှေမြင်းရွှေဆိုင်(၂)ရှေ့မှာ ဆိုင်ကယ်မောင်းလာသူ ကိုအောင်မြင့်မြတ်ကို လူငယ် (၃)ဦးက ဓားနဲ့ ခုတ်ကာ ဆိုင်ကယ်လုယူသွားပြီးနောက် ဆိုင်ကယ်ပိုင်ရှင်ကိုအောင်မြင့်မြတ် ထွက်ပြေးရာနောက်ဆီ လိုက်လံပြီး သေနတ်နဲ့ ပစ်ခတ်တာကြောင့် ရွှေဆိုင် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးပါ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်လုယက်ခံရမှုကြောင့် အောင်မြင့်မြတ်(ပါလျှံဝန်ထမ်းအိမ်ရာ၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့နေသူ)မှာ ဦးခေါင်းဝဲဘက် ဂျိုစောင်း ဓားဒဏ်ရာ(၃)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိခဲ့ပြီးထွက်ပြေးစဥ် ကြီးမြတ်သောရွှေမြင်း ရွှေဆိုင်(၂)ရှိ လုံခြုံရေးအဖွဲ့တွေဆီ အကူအညီတောင်းခံခဲ့ရာက ဆိုင်ကယ်လုယက်သူ(၃)ဦးအနက်မှ တစ်ဦးက ပစ္စတိုအမျိုးအစား(စိစစ်ဆဲ) သေနတ်နဲ့ (၆)ချက် ပစ်ခတ်တာကြောင့် ရွှေဆိုင်လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ မြင့်မြတ်ထွန်းရဲ့ ဝဲဘက်ပေါင် ဖောက်ဝင်/ထွက် ဒဏ်ရာ(၁)ချက်၊ ယာဘက်ပေါင် ဖောက်ဝင်/ထွက် ဒဏ်ရာ (၁)ချက်၊ ပေါင်း(၂)ချက် ထိမှန်ကာ တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အမည်မသိ ကျား(၃)ဦးတို့အား ဖမ်းဆီးရမိရေးအတွက် လိုက်လံ စုံစမ်းဖမ်းဆီးရာ အဆိုပါလူငယ်အဖွဲ့က ချဥ်ငံစပ် အဖွဲ့လို့ နာမည်ပေးထားပြီး ဝှေလှေလန်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ဝှေလှေလန်ကျေးရွာနဲ့ အာခါ ကျေးရွာချင်းဆက်လမ်းအနီးမှာ တွေ့ရှိကာ ပစ်ခတ်ဖမ်းဆီးခဲ့လို့ အဖွဲ့ခေါင်းဆောင် ချဉ်ငံစပ်ကို ဝဲဘက်ပေါင် သေနတ်ထိမှန် ရှပ်ထိဒဏ်ရာ(၁)ချက်၊ ကျန်အဖွဲ့ဝင် (၂)ဦးအနက် တစ်ဦးမှာ ကျား(၁)ဦး ခြေကျင်းဝတ် ပေါက်ပြဲ ဒဏ်ရာ(၁)ချက်နဲ့ ကျန်ရှိ ကျား(၁)ဦးကို ဒဏ်ရာ မရရှိဘဲ ဒီကနေ့ညနေပိုင်းမှာပဲ နေ့တွင်းချင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ ချဉ်ငံစပ်အဖွဲ့ကို ဆက်လက်စစ်ဆေးရာက နောက်ဆက်တွဲကျူးလွန်ထားတဲ့ ဆိုင်ကယ် ထိုးခုတ်လုယက် မှုတစ်ခုပါ ထပ်မံ ပေါ်ပေါက်ခဲ့ပြီး သူတို့လုယူထားတဲ့ Wave 125 i အနက်ရောင် မော်တော်ဆိုင်ကယ်(၁)စီး၊ Wave 110 အနက်ရောင် မော်တော်ဆိုင်ကယ်(၁)စီး၊ အခင်းဖြစ်စဉ် စီးနင်း အသုံးပြုခဲ့တဲ့ Wave 125 ခဲ/အပြာရောင် မော်တော်ဆိုင် ကယ် (၁)စီး၊ စုစုပေါင်း မော်တော်ဆိုင်ကယ်(၃)စီးနဲ့အတူ ကျူးလွန်ရာမှာ အသုံးပြုတဲ့ အရိုးအသွား(၂)ပေခွဲခန့်ရှိ ငှက်ကြီးတောင် ဓားဦးချွန် ဓားရှည်(၁)ချောင်းတို့ကိုလည်း သိမ်းဆည်းရမိခဲ့​တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ မျက်မြင်ကြားသိသူ တာချီလိတ် ဒေသခံတစ်ဦးကလည်း ” ဒီမှာ အနယ်နယ်က လူတွေ စုံတယ်။ အခုက အရမ်းရဲတင်းလာကြတယ်။ နေ့ခင်းကြောင်တောင် သေနတ်နဲ့ ဝင်ပစ်တာ လုတာ ၊ ခိုးတာ နေ့စဥ်ပဲ။ နောက်ပြီး မူးယစ်ဆေးပြဿနာနဲ့ လူငယ်တွေ ငွေရဖို့ ပိုပို ပျက်စီးလာနေတယ်။ နယ်စပ်ဖြစ်တော့ ပိုဆိုးတယ်။ ဥပဒေ ပြန်သက်ရောက်ဖို့ ဒီ့ထပ်ပို ပိုပြီးမှ ထိထိရောက် တာဝန်ယူပေးမှ ရမယ်”လို့ MT News က စုံစမ်းမေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *