၂၃. ၁၂. ၂၀၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာတွင် ဆယ်တန်းဖြေသည့်ကျောင်းသားများကို သွားရောက်ကြိုဆိုသည့် ကျောင်းကား မိုင်းဆွဲခံရပြီး သွားရောက်စစ်ဆေးသည့် လခရများကို ငါးအိုးမြို့မစျေးအနီး လူအများကြား ဆီးကြိုပစ်ခတ်သဖြင့် ပြည်သူတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ငါးအိုး)တွင် တက်ရောက် ပညာသင်ကြားနေသည့် ၁၀ တန်းစာမေးပွဲဖြေဆိုပြီးသော ကျောင်းသား၊ ကျောင်းသူများအား ကြိုရန်ထွက်ခွာလာသည့် မော်တော်ယာဉ်တစ်စီးအား NUG၊ CRPH တို့၏ လက်ဝေခံ PDF များက ရီမုမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးစဉ် ငါးအိုးမြို့မဈေးအနီးသို့အရောက်၌ PDF များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF များသည် ကျေးရွာ၏အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ထိုဖြစ်စဥ်တွင် PDF များ၏ မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဖြစ်စဉ်နေရာအနီးရှိ အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းအား ၎င်း၏ မိသားစုထံသို့ပို့ဆောင်ပေးပြီး ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်ရင်း ဆေးပေးခန်းသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။