October 24, 2024

၁၄. ၆. ၂၀၂၄
Written by Nyein Kyaw

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန ၆ ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းစုစုပေါင်း ၁၂ ခုအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်ဟိုင်းတို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

အဆိုပါ စီမံကိန်း ၁၂ ခုကို စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောဆိုင်ရာ အရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသော အလေ့အထနှင့် တီထွင်ဆန်းသစ်မှုများဆောင်ရွက်ရေး၊ ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနှင့် ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေး စသည့် နယ်ပယ်များ၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှတစ်ဆင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၅ သန်းခန့်တန်ဖိုးရှိသော ကဏ္ဍပေါင်းစုံ စီမံကိန်း ၁၁၈ ခုကို လက်ခံရရှိပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *