October 24, 2024

၁၄.၆.၂၀၂၄
Written By Zun

မွေးရာပါဆွံ့အ ကိုယ်အင်္ဂါမသန်စွမ်းသူအမျိုးသမီးငယ်အား မုဒိန်းကျင့်ခဲ့သည့် သမီးပျိုသုံးဦး၏ဖခင်ကို ယနေ့ ဇွန်လ ၁၄ ရက်တွင် ဒိုက်ဦးတရားရုံး၌ ပထမအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့က ဒိုက်ဦးတရားရုံးမှာ ရုံးထုတ်တာပေါ့။ စစ်တာတွေမလုပ်ပါဘူး။ ဟိုရောက်တော့ ကျွန်မကို ပြောတာကတော့ ကျူးလွန်ခံရတဲ့သူ အဒေါ်လားတဲ့။ လာမယ့် ဇွန်လ ၂၁ ရက်နေ့ကို ညောင်လေးပင်ခရိုင်ကို လွှဲမယ်လို့ ပြောပါတယ်။ အမှုကို ဒိုက်ဦးက မကိုင်တော့ဘူးတဲ့။ ညောင်လေးပင်ခရိုင်ကို လွှဲပေးမယ်တဲ့။ ညောင်လေးပင်ခရိုင်က ဆင့်ခေါ်မှပဲ ကျွန်မတို့ကသွားရမှာတဲ့။ အဲလိုပဲ ပြောလိုက်တယ်။ တရားသူကြီးလည်း ဒီနေ့ မရှိဘူးလို့ သိခဲ့ရတယ်”ဟု မုဒိမ်းကျင့်ခံရသည့်မိန်းကလေးငယ်၏ မိသားစုဝင်တစ်ဦးက MT News ကို ပြောသည်။

အဆိုပါအမှုမှာ မွေးရာပါဆွံ့အ ကိုယ်အင်္ဂါမသန်စွမ်းသူအမျိုးသမီးငယ်အား ဆွေမျိုးတော်စပ်သူလည်းဖြစ်ပြီး အိမ်ချင်းကပ်လျက် နေထိုင်သော သမီးပျိုသုံးဦး၏ဖခင် အသက် ၄၈ နှစ်အရွယ် ကျော်နိုင်ဝင်း(ခ)နိုင်နိုင် ဆိုသူက အရက်သောက်စားကာ တဏှာ ရာဂဆန္ဒဖြင့် နေအိမ် နွားတင်းကုတ်အတွင်း ကာမ စပ်ယှက်ခဲ့သောမုဒိန်းမှု ဖြစ်သည်။ ကျော်နိုင်ဝင်း(ခ)နိုင်နိုင်ဆိုသူကိုယ်တိုင်ကလည်း ၃ ကြိမ်ကျူးလွန်ခဲ့ကြောင်း ရဲစခန်းတွင် ဝန်ခံ ထွက်ဆိုထားကြောင်း၊ ကျူးလွန်ခံရသူ၏ မိခင်က ဖြစ်စဉ်ကိုသိသည့်နေ့တွင် ဒိုက်ဦးရဲစခန်း၌ အမှုဖွင့်ရာ ရဲစခန်းက (ပ)၇၇/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုလက်ခံဖွင့်ပေးခဲ့ကြောင်းလည်း MT News က ဇွန်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

“ဒီနေ့ရုံးထုတ်တဲ့အချိန်မှာ ကျူးလွန်တဲ့သူကို တွေ့ခဲ့တယ်။ သူတို့ဘက်က လိုက်နေတယ်။ ပိုက်ဆံရှိတော့ ဖိတယ်။ လိုက်တယ်။ ခံရတဲ့ဘက်ကတော့ မရှိတော့ ပရဟိတ ကူညီတဲ့သူတွေ အဖွဲ့တွေက လိုက်ပေးတယ်၊ လုပ်ပေးတယ်။ အဲဒါကို တရားခံဘက်တချို့ကပြောတယ်ပေါ့။ သူတို့ကို ကူညီတဲ့သူက ဘယ်လောက် ကူညီနိုင်မှာမို့လို့လဲပေါ့။ အခုခေတ်က ငွေနဲ့ ခင်းမှ ရတာပေါ့။ ငွေရှိမှ ရတာပေါ့။ အဲလိုမျိုးပြောတယ်။ကောင်မလေးဘက်က မရှိတော့ ပရဟိတသမားတွေက ကူညီတယ်။ ဒီဘက်က နည်းတယ်လေ၊သူတို့ဘက်က များတယ်လေ”ဟု ကျူးလွန်ခံရသည့်မိန်းကလေးငယ်၏ မိသားစုဝင်တစ်ဦးက MT News ကို ဆက်လက်ပြောပြခဲ့သည်။

ပြုကျင့်ခံရသည့် မွေးရာပါ ဆွံ့အကိုယ်အင်္ဂါမသန်မစွမ်းသည့်အမျိုးသမီးငယ်မှာ အသက် ၂၀ ပင် တင်းတင်းမပြည့်သေးသူ ဖြစ်ကာ မုဒိန်းကျင့်ခဲ့သူ၏ အငယ်ဆုံးသမီးဖြစ်သူထက်လည်း ငယ်သူတစ်ဦး ဖြစ်သည်။

ယခုအခါ အဆိုပါ ကျူးလွန်ခံရသောအမျိုးသမီးငယ်တွင် ကိုယ်ဝန် ၅ လကျော် ရှိနေပြီဖြစ်ကြောင်း၊ ယင်း ကိုယ်ဝန်ကို မွေးဖွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကျူးလွန်သူဘက်က မုဒိမ်းမှုပိတ်ပေးရန် ငွေ ကျပ်သိန်း ၂၀၀ ဖြင့် ညှိနှိုင်းသည်ကို ကျူးလွန်ခံရသူဘက်က လက်မခံဘဲ ဥပဒေအရအတိုင်းဖြစ်ရန်သာ မိသားစုက လိုလားနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *