October 24, 2024

၁၄.၆.၂၀၂၄
Translated by Htwe Ko Tun

ရုရှားနိုင်ငံက ယူကရိန်းသို့ ထိုးစစ်ဆင်မှုကြောင့်ဟုဆိုကာ အမေရိကန်အစိုးရက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ မှုအသစ်တွေထပ်မံပြုလုပ်ခဲ့ပြီးနောက်မှာတော့ ရုရှားနိုင်ငံအစိုးရကလည်း မော်စကို စတော့ရှယ်ယာ ဈေးကွက်မှာ အမေရိကန်ဒေါ်လာ၊ ယူရိုငွေတို့နဲ့ အရောင်းအဝယ်ပြုခြင်းကိုရပ်ဆိုင်းတယ်လို့ ဇွန်လ ၁၃ ရက်က တုံ့ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်က ဇွန်လ ၁၂ ရက်မှာ ရုရှားနိုင်ငံရဲ့ စတော့ရှယ်ယာဈေးကွက်နဲ့ နိုင်ငံခြားငွေလွှဲပြောင်းမှုတွေအတွက် ရှင်းလင်းရေးစင်တာတို့ကို ပိတ်ဆို့အရေးယူကြောင်း ဇွန်လ ၁၂ ရက်က ကြေညာခဲ့တာပါ။ မော်စကိုစတော့ရှယ်ယာဈေးကွက်ကို အမေရိကန်က ပိတ်ဆို့မှုတွေပြုလာတာကြောင့် ငွေကြေးလဲလှယ် ကုန်သွယ်မှုတွေနဲ့ တရားဝင်သဘောတူညီချက်တွေမှာ အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေတို့နဲ့အရောင်းအဝယ်ပြုမှုလည်း ရပ်ဆိုင်းသွားမှာပါလို့ ရုရှားဗဟိုဘဏ်က ဇွန်လ ၁၂ ရက် ညနေပိုင်းက ကြေညာခဲ့ပါတယ်။

ဗြိတိန်နိုင်ငံကလည်း မော်စကိုစတော့ရှယ်ယာဈေးကွက်ကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဇွန်လ ၁၃ ရက်က ကြေညာခဲ့ပြီး ဒီပိတ်ဆို့မှုတွေကို အမေရိကန်နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ဆယ်စုနှစ်သုံးခုကြာကာလအတွင်း ရုရှားငွေတန်ဖိုးကျဆင်းမှုတွေဖြစ်ခဲ့တာကြောင့် ရုရှားနိုင်ငံသားတွေအတော်များများကလည်း အနောက်အုပ်စုငွေကြေးတွေနဲ့ စုဆောင်းကြဖို့ပိုမိုနှစ်သက်ကြပြီး စီးပွားရေးအကျပ်အတည်းကာလတွေမှာဆိုရင် ရူဘယ်လ်ငွေတွေကို မကြာခဏ ရောင်းချလေ့ရှိကြပါတယ်။

ရုရှားဗဟိုဘဏ်က ကုမ္ပဏီတွေနဲ့ လူတစ်ဦးချင်းအနေနဲ့ ရုရှားဘဏ်တွေကတစ်ဆင့် အမေရိကန်ဒေါ်လာနဲ့ ယူရိုငွေတို့ကို ဆက်လက်အရောင်းအဝယ်ပြုနိုင်ပြီး အမေရိကန်ဒေါ်လာနဲ့ ဘဏ်စုဆောင်းငွေတွေကလည်း လုံခြုံစိတ်ချရမှုရှိမှာဖြစ်တယ်လို့ ရုရှားဗဟိုဘဏ်က ဆက်လက်ပြောခဲ့ပါတယ်။

ရုရှားအစိုးရအနေနဲ့ ပိတ်ဆို့မှုတွေအပေါ် လက်တုံ့ပြန်ရေးဆောင်ရွက်ချက်တွေကိုစဉ်းစားနေတယ်လို့လည်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောခဲ့ပါတယ်။

Ref- AFP

Leave a Reply

Your email address will not be published. Required fields are marked *