October 24, 2024

၁၄. ၆. ၂၀၂၄
Written by Ye Kyaw

ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အသုံးပြုမှုအတွက် ဆောင်ရွက်နိုင်သည့်ပမာဏအား ပြင်ဆင်သတ်မှတ်လိုက်ပြီး တစ်ရက်လျှင် အများဆုံး ကျပ်သိန်း ၁၀၀ အထိသာ လွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က MT News သို့ အတည်ပြု ပြောကြားသည်။

ဒီဂျစ်တယ်ငွေပေးချေမှုများ Digital Transaction များ၏ ဆောင်ရွက်နိုင်မည့်ပမာဏများ ပြင်ဆင်သတ်မှတ်ခြင်းအား ၂ဝ၂၄ ခုနှစ် ၊ ဇွန်လ ၁၂ ရက် ရက်စွဲပါ စာအမှတ်၊ မဗဘ-၁ / ၁၀၇ / ၉၃၉ /၂၀၂၄) ဖြင့် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များ လူမှု့ကွန်ရက်ပေါ်တွင် ယနေ့ ပျံ့နှံ့ခဲ့မှုနှင့် ပတ်သက်ပြီး MT News သတင်းဌာနမှ မေးမြန်းမှုအပေါ် ဗဟိုဘဏ်က မှန်ကန်ကြောင်း အတည်ပြု ဖြေကြားခဲ့သည်။

အစိုးရငွေပေးချေမှုများနှင့် ပုဂ္ဂလိကငွေပေးချေမှုများအတွက် လက်လီသုံးစွဲမှုများအား ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အသုံးပြု၍ အဆင်ပြေစွာပေးချေနိုင်ရေးအတွက် ရည်ညွှန်းပါစာများ သတ်မှတ်ညွှန်ကြားထားသည့် လုပ်ငန်းဆောင်ရွက်မှုပမာဏ သတ်မှတ်ချက်အား ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ပြင်ဆင်သတ်မှတ်ချက်အရ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်း (P2P) အတွက် လုပ်ငန်းဆောင်ရွက်မှုအား တစ်ကြိမ်လျှင် ကျပ် ၁၀ သိန်းနှင့် တစ်ရက်လျှင် အများဆုံး ကျပ်သိန်း ၅ဝ၊ လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ ငွေပေးချေခြင်း (P2M) ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများ ပါဝင်သော အုပ်စုအတွက် လုပ်ငန်းဆောင်ရွက်မှုပမာဏအား တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀ အထိသာ ခွင့်ပြုထားသည်။

ထို့အတူ မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံးလက်ကျန်ပမာဏအား ကျပ်သိန်း ၁ဝဝ အထိသာထားရန်နှင့် ကျပ်သိန်း ၁၀၀ ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ်ဆက်၍ နေ့စဉ် ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်၊ ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်း (P2P) နှင့် အစိုးရငွေ ပေးချေမှုများအတွက် Mobile Banking အသုံးပြု၍ ဆောင်ရွက်ခြင်းကို CBM- NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ ကျပ်သိန်း ၁ဝဝ နှင့်အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ထို့ပြင် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများမှ CBM-NET (ACH Function) ကို ၂၄/၇ အသုံးပြုနိုင်စေရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာရွှေ့ပြောင်းထားရန်၊ Consumer Wallet အား အသုံးပြု၍ Merchant ကဲ့သို့ ရောင်း/ဝယ်မှုများ ဆောင်ရွက်ခြင်း (Person to Person ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုလုပ်နိုင်စေရေးအတွက် စနစ်တကျစိစစ်ဆောင်ရွက်ရမည်ဖြစ်သည်။

ပေးချေမှုများတွင်အကြောင်းအရာ ဖော်ပြစေရန်နှင့် လုပ်ငန်းဆောင်ရွက်မှု အကြိမ်အရေအတွက်အား ကန့်သတ်ဆောင်ရွက်ရန်၊ Merchant များအတွက် မှတ်ပုံတင်ရာတွင် အချက်အလက်များ မှန်ကန်မှုရှိစေရေး သေချာစိစစ်ရန်နှင့် အမှန်တကယ် Merchant ဖြစ်ကြောင်း ဘဏ်နှင့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများမှ အာမခံပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်ငွေ ပေးချေမှုစနစ်ကို သုံးစွဲမည့်အများပြည်သူတို့စနစ်အပေါ် ယုံကြည်စွာ ဆောင်ရွက်စေရေး နှင့် အများပြည်သူများအား ငွေကြေးနစ်နာဆုံးရှုံးမှုများမှ ကာကွယ်နိုင်ရေးအတွက် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိနိုင်ရေးအတွက် KYC ရယူခြင်းအား ၁၅-၈-၂၀၂၂ ရက်စွဲပါ ညွှန်ကြားချက် များနှင့်အညီ အချက်အလက်ပြည့်စုံရယူရန်နှင့် ငွေကြေးလွှဲပြောင်းဆောင်ရွက်ချက်များအတွက် ဆက်သွယ်ဆောင်ရွက်သူများအား အလေးထားစိစစ်ခြင်း (CDD) ဆိုင်ရာလုပ်ငန်းစဉ်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန် အသိပေးအကြောင်းကြားထားသည်။

အထက်ပါ ပြင်ဆင်ချက်များကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှစတင်၍ တိကျစွာလိုက်နာရန်နှင့် လိုက်နာရန်ပျက်ကွက်မှုရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်မှု ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ လိုက်နာမှုမရှိ၍ ပုဒ်မ ၁၅၄ အရ အရေးယူခံရလျှင် ငွေရေးကြေးရေးအဖွဲ့အစည်းအတွင်း တာဝန်ထမ်းဆောင်ခြင်းမှ ရပ်စဲခြင်းခံရမည်ဖြစ်သည်။

ပုံစာ- ဗဟိုဘဏ်၏ ညွှန်ကြားထားမှုတွေ့ရစဥ်(Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *