October 24, 2024

၁၄. ၆. ၂၀၂၄
Written by Ye Kyaw

ရွှေဈေးနှုန်းဆွဲတင် ဈေးကစားမှုကြောင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရသည့်ဆိုင်များတွင်ပါဝင်ခဲ့သော အကယ်ဒမီရွှေဆိုင်နှင့် အောင်သမာဓိရွှေဆိုင်တို့တွင် သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းဖြင့် ရောင်းချ‌ပေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ယနေ့တွင် ထုတ်ပြန်ထားသည်။

YGEA ၏ ထုတ်ပြန်ချက်အရ ရွှေစင်အကယ်ဒမီရွှေဆိုင်၊ အကယ်ဒမီရွှေဆိုင်နှင့် အောင်သမာဓိရွှေဆိုင်များမှ ယနေ့တွင် သတ်မှတ်ထားထားသည့် ရည်ညွှန်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သား ၄,၆၂၉,၅၅၁ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း ရောင်းချပေးနေသည့်ပုံများနှင့်အတူ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဝိသမလောသမားများ၏ ရွှေနှင့်ဒေါ်လာဈေးနှုန်းများကို ဈေးနှုန်းဆွဲတင်ကစားခဲ့မှုကြောင့် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်အတွင်း ရွှေဈေးနှုန်း ကျပ် ၅၈ သိန်းကျော်အထိ မြင့်တက်ခဲ့၍ ဇွန်လ ၂ ရက်တွင် ဈေးနှုန်းဆွဲတင်ခဲ့သူ ရွှေဆိုင်ပိုင်ရှင်တစ်ချိုနှင့် ပွဲစားများအား အရေးယူခဲ့ပြီး နောက်ကွယ်မှ စေခိုင်းသူ ၁၀ ဦးထဲတွင် နာမည်ကြီးရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်တို့အပါအဝင် ၁၀ ဦးတို့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း ဇွန်လ ၂ ရက်တွင် SAC က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက်ပိုင်းတွင်လည်း ဖမ်းဝရမ်းထုတ်ခံရသည့် ရွှေဆိုင်များအား ပိတ်သိမ်းခြင်း၊ ၎င်းတို့ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းများ မပြုလုပ်ခဲ့ဘဲ ဆက်လက်ရောင်းချစေခဲ့ပြီး ယနေ့တွင် အဆိုပါရွှေဆိုင်များက သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းဖြင့် ရောင်းချနေကြောင်း YGEA က တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အခုက ဒီပေါက်ဈေးနဲ့ပဲ ရောင်းပေးတယ်။ အောင်သမာဓိရဲ့ ဘယ်ဆိုင်မှာဝယ်ဝယ် ဒီဈေးနှုန်းနဲ့ ရောင်းချပေးနေပါတယ်” ဟု အောင်သမာဓိရွှေဆိုင်မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

လက်ရှိတွင် YGEA က သတ်မှတ်ရည်ညွှန်းရွှေဈေးအား ၄,၆၂၉,၅၅၁ ကျပ်အထိ လျှော့ချသတ်မှတ်ထားသော်လည်း ရွှေဈေးနှုန်းဆွဲတင် ဈေးကစားမှုမပြုလုပ်မီအချိန်က သတ်မှတ်ခဲ့သည့် ကျပ် ၄၁ သိန်းအထိ ပြန်လည်ကျဆင်းနိုင်မှုမရှိသေးသည့်အပြင် ပြင်ပရွှေဈေးကွက်တွင် ယနေ့တွင် ကျပ် ၅၄ သိန်းခွဲအထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း YGEA ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းများမှာ ဇွန်လ ၃ ရက်အထိ ကျပ် ၄၁ သိန်းကျော် သတ်မှတ်ထားသည့် ရွှေဈေးအား ဇွန်လ ၄ ရက်မှ ဇွန်လ ၉ ရက်အထိ ကျပ် ၄,၈၇၀,၀၀၀ ကျော်မှ ကျပ် ၄,၇၉၀,၀၀၀ ကြား တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၀ ရက်တွင် ၄,၆၅၅,၀၄၇ ကျပ်၊ ဇွန်လ ၁၁ ရက်တွင် ၄,၆၈၂,၉၈၁ ကျပ်၊ ဇွန်လ ၁၂ ရက်တွင် ၄,၆၅၈,၆၄၁ ကျပ်ဖြစ်ပေါ်ခဲ့သည်။

ပြင်ပရွှေဈေးကွက်တွင် ရွှေဈေးကစားသူ ဝိသမလောဘသမားများကို အရေးယူခဲ့ပြီးနောက် ကျပ် ၅၈ သိန်းကျော်အထိ ဖြစ်နေသည့် ရွှေဈေး ကျပ် ၄,၈၇၀,၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့ပြီး YGEA တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးနေသော ဇွန်လ ၆ ရက်မှ ဇွန်လ ၁၀ ရက်အထိ ဈေးနှုန်းဖွင့်လှစ်ခဲ့ခြင်းမရှိဘဲ ဇွန်လ ၁၁ ရက်တွင် ကျပ် ၅,၃၃၅,၀၀၀၊ ဇွန်လ ၁၂ ရက်တွင် ကျပ် ၅,၃၆၀,၀၀၀ ၊ ဇွန်လ ၁၃ ရက်တွင် ကျပ် ၅,၄၀၀,၀၀၀၊ ဇွန်လ ၁၄ ရက်(ယနေ့)တွင် ကျပ် ၅,၄၅၀,၀၀၀ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *