October 24, 2024

၁၄.၆. ၂၀၂၄
Written by Shwe Phyo

စင်ကာပူနိုင်ငံက အသက် ၆ နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦးဟာ မသန်စွမ်းသူများအတွက် ရန်ပုံငွေရှာဖို့ နိုင်ငံအနှံ့ စက်ဘီးစီးနှင်မယ့် စိန်ခေါ်မှုတစ်ခုကို လက်ခံလိုက်တယ်လို့ သိရပါတယ်။

အသက် ၆ နှစ်အရွယ် အာရမ် အမည်ရှိကလေးငယ်ဟာ မသန်စွမ်းသူများအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ SUN-DAC အတွက် ရန်ပုံငွေရှာပေးသွားဖို့ ရည်ရွယ်ချက်နဲ့ အခုလိုမျိုး စီစဉ်ဆောင်ရွက်ခဲ့တာမျိုး ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံအနှံ့ အာရမ် စက်ဘီးစီးချိန်မှာ ဖခင်ဖြစ်သူက ဘေးနားက အဖော်အဖြစ် လိုက်ပါ ကူညီပေးသွားမယ်လို့ သိရပါတယ်။

ဖခင်ဖြစ်သူ ဘဂျမင် ဆွန်းက အာရမ်ဟာ အသက် ၄ နှစ်ကတည်းက စက်ဘီးစီးတာကို စိတ်ပါဝင်စားခဲ့ပြီး စက်ဘီးမြန်မြန်စီးရတာကို ကြိုက်နှစ်သက်ခဲ့ကြောင်း၊ အာရမ်ဟာ အသက် ၄ နှစ်အရွယ်တုန်းက အကွာအဝေး ၁၀ ကီလိုမီတာမှာရှိနေတဲ့ အဘွားဖြစ်သူအိမ်ကို စက်ဘီးစီးနင်းကာ စတင်သွားရောက်ခဲ့ဖူးကြောင်း သိရပါတယ်။

အာရမ်ဟာ စက်ဘီးစီးနှင်တဲ့ ကီလိုမီတာတိုင်းအတွက် စင်ကာပူဒေါ်လာ ၁၀၀ ရရှိဖို့ မျှော်လင့်ထားပြီး ကီလိုမီတာ ၁၂၀ ဝန်းကျင်လောက် စက်ဘီးစီးနှင်သွားမှာဖြစ်တယ်လို့ စင်ကာပူအခြေစိုက်မီဒီယာတွေက ဖော်ပြထားပါတယ်။

အာရမ်ဟာ၂၀၂၄ ခုနှစ်အစောပိုင်းက East Coast Park မှာ ၅၂ ကီလိုမီတာ စက်ဘီးစီးနှင်နိုင်ခဲ့ပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူ ဘဂျမင် ဆွန်းက အာရမ်ကို ကီလိုမီတာ ၁၂၀ စက်ဘီးစီးနှင်ဖို့ စိန်ခေါ်ခဲ့ရာ လက်ခံခဲ့တယ်လို့ သိရပါတယ်။ အာရမ်ဟာ တစ်ရက်အတွင်း ကီလိုမီတာ ၁၂၀ကျော်ကို စက်ဘီးစီးနင်းဖို့လည်း မျှော်လင့်ထားတယ်လို့ သိရပါတယ်။

REF mustsharenews

Leave a Reply

Your email address will not be published. Required fields are marked *