October 24, 2024

၁၄.၆.၂၀၂၄
Written by Nay Moe

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်လေးကျေးရွာ အုပ်ချုပ်ရေးမှူးကို လူ ၂ ဦးက ရွှေနဲ့ငွေတောင်းခံလုယက်ပြီး နေ‌အိမ်ပေါ်တင် သေနတ်နဲ့ ပစ်သတ်လိုက်မှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဇွန်လ ၁၄ ရက် မနက် ၉ နာရီအချိန်ခန့်က ထန်းပင်ချောင်လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းဟာ နေအိမ်ထဲမှာရှိနေချိန် ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားနှစ်ယောက် ရောက်လာပြီး ဦးချစ်ဝင်းနဲ့သားဖြစ်သူတို့ဆီက ဖုန်းနှစ်လုံးလုယူပြီး ခြိမ်းခြောက်ငွေတောင်းခံကာ သားအဖနှစ်ယောက်စလုံးကို ဝမ်းလျားမှောက်ခိုင်းခဲ့တာပါ။

ဒေသတွင်းသတင်းတွေအရ လုယက်ငွေတောင်းခံသူနှစ်ဦးကို ဦးချစ်ဝင်းက ကျပ်သိန်း ၂၀ ကျော်ယူပေးချိန်မှာ လုယက်ဓားပြတိုက်သူတွေက ဦးချစ်ဝင်းရဲ့သားဖြစ်သူဆွဲထားတဲ့ ရွှေချိန် ၂ ကျပ်သားခန့်ရှိ ဆွဲကြိုးကိုဖြုတ်ယူပြီး ဝမ်းလျားမှောက်နေရတဲ့ ဦးချစ်ဝင်းရဲ့ ဦးခေါင်းနောက်စေ့ကို သေနတ်နဲ့ပစ်သတ်လိုက်ကြတယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။

ဒီဖြစ်စဥ်ကို ကျုးလွန်တာက ပေါင် PDF အဖွဲ့လို့လည်း ပြောဆိုကြပြီး ဦးချစ်ဝင်းကိုလည်း တပ်ထောက်တိုင်အုပ်ချုပ်ရေးမှူးလုပ်နေလို့ သတ်ဖြတ်တာလို့ ပြောကြပေမဲ့ MT News အနေနဲ့ အတည်မပြုနိုင်သေးသလို အသေးစိတ်သတင်းဖြစ်စဥ်တွေကိုလည်း ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရတာ ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *