October 24, 2024

၁၄.၆.၂၀၂၄
Written by THIRI

ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းဆီကနေ သိရှိရတဲ့သတင်းတွေအရ မြန်မာအမျိုးသမီးတစ်ဦးဟာ အိမ်တွင်းအကြမ်းဖက်ခံရပြီး ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးရဲ့ အအေးခန်းထဲမှာ ပိုင်ရှင်မဲ့အဖြစ် စွန့်ပစ်ထားခံရလို့ ဒီနေ့အထိ ရုပ်အလောင်းကို မသင်္ဂြိုဟ်ရသေးဘူးလို့ သိရသလို ဒီသတင်းကို Htake Htar(ထိပ်ထား) အကောင့်နဲ့ မြန်မာအမျိုးသမီးသတင်းထောက်တစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားတာပါ။

“အိမ်တွင်းအကြမ်းဖက်မှုကြောင့် အသက်သေဆုံးရတဲ့ ဖြစ်ရပ်ဆိုးပါ။ ဒီသတင်းကို ကျနော်စုံစမ်းနေတာ တစ်လဝန်းကျင်လောက်ရှိပါပြီ။ ကျနော် မသိတဲ့၊ မမြင်ဖူးပေမယ့် သေဆုံးသူအမျိုးသမီးလေးအတွက် မခံစားနိုင်လွန်းလို မရ ရအောင်လိုက်စုံစမ်းနေတာပါ။ မြဝတီမှာ တိုက်ပွဲတွေဖြစ်နေတဲ့ကာလ၊ လွန်ခဲ့တဲ့ ၂ လခွဲ အချိန်လောက်က မြန်မာအမျိုးသမီးတစ်ယောက် အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမှုတစ်မှုဖြစ်ခဲ့တယ်။ ထုတ်ဖော်ပြောကြားပေးမယ့်သူမရှိလို့ ဒီနေ့အထိ သတင်းအစအန မရဘဲ ပျောက်ဆုံးနေတဲ့အမှုပါ။ မဲဆောက်မှာ ကျနော်သိသမျှ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေထဲမှာ ဒီအမှုဟာ အသက်သေဆုံးစေတဲ့အထိကို အရမ်းရုပ်ဆိုးလွန်းပါတယ်။ လူမဆန်စွာသတ်ခံရတာပါ။ ဖြစ်စဉ်အကျဉ်းက မဲဆောက်မှာရှိတဲ့ ခင်ပွန်းဆီ လာတွေ့တဲ့ အမျိုးသမီးကို ခင်ပွန်းဖြစ်သူက လက်သီးနဲ့ထိုးသတ်လိုက်တာပါ။ ခင်ပွန်းဖြစ်သူကို လာရောက်တွေ့ဆုံတဲ့ အမျိုး သမီးက စင်ကာပူကနေ လာခဲ့တာကို သိရတယ်” ဆိုပြီး ထိပ်ထားက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လူသတ်မှုကျူးလွန်သူဟာ အိမ်ထောင်မရှိသူလိုဘဲ နေထိုင်နေပြီး တရားမဝင် ပေါင်းသင်းနေထိုင်နေသူလည်းရှိနေသူလို့ ထိပ်ထား အကောင့်ပိုင်ရှင်က ရေးသားထားကာ တရားဝင်အမျိုးသမီး လာရောက်တွေ့ဆုံချိန်မှာ ရောက်ရောက်ချင်းနေ့မှာပဲ လက်သီးနဲ့ အချက်ပေါင်းများစွာထိုးခဲ့တာကြောင့် မယ်တော်ဆေးခန်းကိုအရင်ပြေးရကြောင်း မယ်တော်ဆေးခန်းက မနိုင်တော့တာကြောင့် မဲဆောက်ဆေးရုံကြီးကိုတင်ရကြောင်း၊ မဲဆောက်ဆေးရုံကြီးကနေ Tak ဆေးရုံကိုထပ်မံတင်ပို့ပြီး Tak ဆေးရုံမှာ နောက်တစ်ရက် မနက် ၇ နာရီမှာဆုံးသွားခဲ့ကြောင်း၊ Tak ဆေးရုံကနေ မဲဆောက်ကို Body ပြန်သယ်လာတာပြီး အအေးခန်းမှာ နှစ်လကျော်ကြာ ဒီနေ့အထိ ပိုင်ရှင်မဲ့အဖြစ် ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါပြစ်မှုကို ကျူးလွန်သူက တော်လှန်ရေးမှာ လူရော အနုပညာခွန်အားနဲ့ပါ ပါဝင်နေတဲ့ “ဝဠာ” ခေါ် ဇော်ဝင်းထွဋ်လို့ အကောင့်ပိုင်ရှင်က သူ့ရဲ့ သတင်းစုံစမ်းရရှိမှုတွေအရ ညွှန်ပြထားပြီး သေဆုံးသူအမျိုးသမီးနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို ကျူးလွန်သူအမျိုးသားက ဖျောက်ဖျက်ကာ ထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတာအထိ သူသိရှိရတယ်လို့ ဆိုထားပါတယ်။

သူတို့အိမ်ထောင်ရေးမှာ သားသမီးနှစ်ယောက်ထွန်းကားထားတယ်ဆိုတာသိရပြီးတော့ အကြီးဆုံးကလေးက အသက် ဆယ်နှစ်ဝန်းကျင်ဆိုတာလည်း ထပ်မံသိရှိရသလို သေဆုံးသူက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူဖြစ်ကာ ကျူးလွန်သူလို့ ယူဆရတဲ့ ဝဠာက မြန်မာပြည်တွင်းကို ပြန်ဝင်ပြေးသွားတယ်လို့ နောက်ဆုံးသတင်းရရှိထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူအမျိုးသမီးနာမည် Nandar @ မထက်ထက်ဇော်လို့ သိရပြီး ဒီလို အိမ်တွင်းအကြမ်းဖက် လူသေဆုံးပါတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ထိုင်းရောက် မြန်မာတော်လှန်ရေးအသိုင်းအဝိုင်းမှာလည်း အမြင်တွေ အမျိုးမျိုးရှိနေတာပါ။

အမည်ထုတ်ဖော်ရေးသားဖို့ ငြင်းဆန်ထားတဲ့ အသက်၃၅ နှစ်အရွယ် တတိယနိုင်ငံ ခိုလှုံခွင့်အတွက် ထိုင်းနိုင်ငံမဲဆောက်မှာစောင့်ဆိုင်းနေသူ အမျိုးသမီးက “နစ်နာသူတော့အမှန်ပဲ။ ဒါမဲ့ သူတို့ ပုံဖော်နေတာက အမျိုးသမီးက တအား Innocent အမျိုးသားက မတအား မိုက်ရိုင်း အဲ့သလိုဖြစ်နေတယ်။ ဇာတ်တအားနာနေလို့ ကျွန်မတော့ ဇာစ်မြစ်ကို ကြည့်နေတုန်း။ သေတာ အမျိုးသမီးမို့ Women ရှုထောင့်ကချည်း သွားလို့မရဘူး။ အဲ့ဒီ အမျိုးသမီးနောက်က အဖွဲ့တစ်ခုရှိနိုင်တယ်။ ခုကေ့စ်က ဝဠာနဲ့ပတ်သက်တဲ့လူတွေဘက်က ဘာသံကြားလဲ၊ မကြားရဘူးမလား။ မိန်းကလေးကရော စင်ကာပူကနေ သူ့ယောကျာ်းကို တွေ့ချင်ရုံသက်သက်တစ်ခုတည်းနဲ့လာတာဖြစ်ပါ့မလား။ လူမှုရေးပြဿနာထက် ပိုနက်တဲ့ပြဿနာရှိသေးတယ်။ ဒီမှာနေသူတွေက လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးနီးစပ်စပ်ရှိကြတော့ တချို့ ထုတ်ပြောမရတာတွေလည်း ရှိနိုင်တယ်၊ ပြချင်တာကို ကွက်ပြတဲ့သဘောပဲ” လို့ MT News ကို ပြောပါတယ်။

အမျိုးသမီးငယ် အိမ်တွင်းအကြမ်းဖက်ခံရတဲ့ သတင်းကို စုံစမ်းဖော်ထုတ်ရေးသားနေသူ မြန်မာအမျိုးသမီးသတင်းထောက်ကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တော်လှန်ရေးနဲ့ အနုပညာခုတုံးလုပ်ပြီး လူသားဆန်မှုကင်းမဲ့တာကို လက်မခံနိုင်ဘူးလို့ရေးသားထားပြီး သူ့ရဲ့ပို့စ်အောက်မှာ ဝင်ရောက်ကွန်မန့်ရေးသားကြသူ အများစုကလည်း အမျိုးသမီးငယ်အတွက် တရားမျှတမှုကို လိုလားနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *