October 24, 2024

၁၄. ၆. ၂၀၂၄
Written by Ye Kyaw

ပြည်တွင်း၌ရောင်းချရန် သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းအား ၄,၆၂၉,၅၅၁ ကျပ်အထိ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ယနေ့တွင် ထပ်မံလျှော့ချသတ်မှတ်လိုက်သည့်အတွက် ၎င်းတို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ပြန်လျှော့ချခဲ့သည့် ရွှေဈေးနှုန်းထက် ကျပ် ၂၅,၀၀၀ ကျော် ထပ်မံလျှော့ချခဲ့ခြင်းဖြစ်သည်။

ဝိသမလောသမားများ၏ ရွှေနှင့်ဒေါ်လာဈေးနှုန်းများကို ဈေးနှုန်းဆွဲတင်ကစားခဲ့မှုကြောင့် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်အတွင်း ရွှေဈေးနှုန်း ကျပ် ၅၈ သိန်းကျော်အထိ မြင့်တက်ခဲ့၍ ဇွန်လ ၂ ရက်တွင် ဈေးနှုန်းဆွဲတင်ခဲ့သူ ရွှေဆိုင်ပိုင်ရှင်တချို့နှင့် ပွဲစားများအား အရေးယူများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ပြီးနောက် ရွှေဈေးနှုန်း ကျပ် ၃၅၀,၀၀၀ ချက်ချင်းကျဆင်းခဲ့သည်။

ယင်းကဲ့သို့ ဈေးနှုန်းကျဆင်းခဲ့သည့်အချိန်၌ပင် ကျပ် ၃,၉၉၉,၀၀၀ ဝန်းကျင်မှ ကျပ် ၄၁ သိန်းကျော်အထိ တိုးမြှင့်သတ်မှတ်ထားပြီးဖြစ်သည့် သတ်မှတ်ရည်ညွှန်းဈေးအား ကျပ် ၈ သိန်းခွဲခန့်အထိ ဆွဲတင်ကာ ကျပ် ၄,၈၇၁,၀၀၀ အထိ YGEA က တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အတွင်းရေးမှူး ဦးဝင်းမြင့်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ရွှေဈေးတွက်ချက်မှုအခြေအနေများကို ခေါ်ယူမေးမြန်းခဲ့ပြီးနောက် YGEA ၏ သတ်မှတ်ရွှေဈေးနှုန်းအား ဇွန်လ ၁၀ ရက်နေ့တွင် ကျပ် ၄,၆၅၅,၀၄၇ သို့ လျှော့ချသတ်မှတ်ခဲ့ပြီး ယနေ့တွင် ယင်းဈေးနှုန်းထက်ပင် ထပ်မံလျှော့ချလာခဲ့ခြင်းဖြစ်သည်။

သို့သော် ဈေးနှုန်းကစားဆွဲတင်မှုများ မပြုလုပ်မီအချိန်က သတ်မှတ်ရည်ညွှန်းဈေး ကျပ် ၄၁ သိန်းကျော်အထိ ပြန်လည်မကျဆင်းသေးသည့်အပြင် ပြင်ပရွှေဈေးကွက်တွင် ယနေ့ ဖွင့်လှစ်ထားသည့် ဈေးနှုန်းအရ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၄ သိန်းခွဲအထိ ဖြစ်ပေါ်နေသည်။

ယခုရက်ပိုင်းအတွင်း YGEA ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းများမှာ ဇွန်လ ၃ ရက်အထိ ကျပ် ၄၁ သိန်းကျော် သတ်မှတ်ထားသည့် ရွှေဈေးအား ဇွန်လ ၄ ရက်မှ ဇွန်လ ၉ ရက်အထိ ကျပ် ၄,၈၇၀,၀၀၀ ကျော်မှ ကျပ် ၄,၇၉၀,၀၀၀ ကြား တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၀ ရက်တွင် ၄,၆၅၅,၀၄၇ ကျပ်၊ ဇွန်လ ၁၁ ရက်တွင် ၄,၆၈၂,၉၈၁ ကျပ်၊ ဇွန်လ ၁၂ ရက်တွင် ၄,၆၅၈,၆၄၁ ကျပ်ဖြစ်ပေါ်ခဲ့သည်။

ပြင်ပရွှေဈေးကွက်တွင် ရွှေဈေးကစားသူ ဝိသမလောဘသမားများကို အရေးယူခဲ့ပြီးနောက် ကျပ် ၅၈ သိန်းကျော်အထိ ဖြစ်နေသည့် ရွှေဈေး ကျပ် ၄,၈၇၀,၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့ပြီး YGEA တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးနေသော ဇွန်လ ၆ ရက်မှ ဇွန်လ ၁၀ ရက်အထိ ဈေးနှုန်းဖွင့်လှစ်ခဲ့ခြင်းမရှိဘဲ ဇွန်လ ၁၁ ရက်တွင် ကျပ် ၅,၃၃၅,၀၀၀၊ ဇွန်လ ၁၂ ရက်တွင် ကျပ် ၅,၃၆၀,၀၀၀ ၊ ဇွန်လ ၁၃ ရက်တွင် ကျပ် ၅,၄၀၀,၀၀၀၊ ဇွန်လ ၁၄ ရက်(ယနေ့)တွင် ကျပ် ၅,၄၅၀,၀၀၀ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *