October 24, 2024

၁၄.၆.၂၀၂၄.
Translated by Htwe Ko Tun

အမေရိကန်နှင့် ဥရောပတိုက်တွင် အနောက်အုပ်စုကထိန်းချုပ်ထားသော ရုရှားနိုင်ငံပိုင် ပစ္စည်းဥစ္စာနှင့် ငွေကြေးများမှရရှိသော အကျိုးအမြတ်များဖြင့် ဒေါ်လာဘီလျံ ၅၀ ကို ယူကရိန်းသို့ချေးငှားသွားရန်အတွက် ဂျီ-၇ နိုင်ငံများအုပ်စု၏ ခေါင်းဆောင်များက ဇွန်လ ၁၃ ရက်တွင် သဘောတူခဲ့ကြသည်။

ထိုသဘောတူညီချက်က အနောက်အုပ်စု ထိန်းချုပ်ထားသော ရုရှားပိုင်ပစ္စည်းဥစ္စာများဖြင့် ယူကရိန်းအား ထောက်ပံ့မှုပြုရန်နှင့်ရုရှားသမ္မတပူတင်အား တုံ့ပြန်ဆန့်ကျင်မှုပြုရန် ဂျီ-၇ အုပ်စုက သဘောတူရေး အားထုတ်ချက်အား အမေရိကန်၏ဦးဆောင်မှုနှင့်အတူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အတွက် ရလဒ်ကောင်းတစ်ခုဖြစ်ခဲ့သည်။

ဂျိုးဘိုင်ဒန်က “ကျွန်တော် ဒီရက်သတ္တပတ်မှာတော့ အရမ်းကြည်နူးမိတယ်။ ဂျီ-၇ အုပ်စုအနေနဲ့ ယူကရိန်းကို ထိန်းချုပ်ထားတဲ့ ရုရှားပစ္စည်းဥစ္စာတွေနဲ့ထောက်ပံ့ဖို့ သဘောတူလက်မှတ်ထိုးနိုင်ခဲ့ကြပြီ။ ဒါက ကျွန်တော်တို့တွေ နောက်ဆုတ်၊ အောက်ပြန်ဆင်းနေတာမဟုတ်ဘူးပြတာပေါ့။ကျွန်တော်တို့အနေနဲ့ ဥပဒေနဲ့မညီတဲ့ ကျူးကျော်မှုကို အတူတူဆန့်ကျင်နေတာပါ”ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးနှင့်အတူ သတင်းစာရှင်းပွဲတစ်ရပ်တွင် ဇွန်လ ၁၃ ရက်က ပြောခဲ့သည်။

ဇယ်လန်စကီးကလည်း ယူကရိန်းသို့ ဒေါ်လာ ဘီလျံ ၅၀ ကို ရုရှားပိုင်ပစ္စည်းဥစ္စာများမှချေးငှားနိုင်ရန် သဘောတူညီချက်ရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့မှုအတွက် ဂျိုးဘိုင်ဒန်အားကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထိုသဘောတူညီချက်အတွက် အမေရိကန်က ဦးဆောင်အဆိုပြုခဲ့ကာ အီတလီတွင်ကျင်းပသော ဂျီ-၇ အုပ်စု ထိပ်သီးအစည်းအဝေးပထမနေ့ဖြစ်သော ဇွန်လ ၁၃ ရက်က သဘောတူခဲ့ကြခြင်းဖြစ်သည်။

ဂျီ-၇ နိုင်ငံများက ဒေါ်လာ ၂၈၀ ဘီလျံခန့်ရှိသောရုရှားပိုင်ပစ္စည်းဥစ္စာများကို ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွား၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတပ်ဖွဲ့များ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည်မှစ၍ ထိန်းချုပ်ထားခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိန်းချုပ်ပစ္စည်းဥစ္စာများမှ နှစ်စဉ်ရရှိသော အတိုးဖြစ်သည့် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံမှ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံခန့်အကြားကို ယူကရိန်းသို့ထောက်ပံ့သွားရန်အတွက် ဦးဆောင်အဆိုပြုခဲ့ခြင်းဖြစ်သည်။

Ref- The Hill

Leave a Reply

Your email address will not be published. Required fields are marked *