October 24, 2024

၁၃. ၆. ၂၀၂၄
Written by Nyein Kyaw

ပြည်သူ့ကျန်းမာရေးလုံခြုံမှုနှင့် အရေးပေါ်အခြေအနေများကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး တရုတ်နိုင်ငံအစိုးရ အကူအညီဖြင့် တည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်း (CDC)အား ယနေ့တွင် ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းစီမံကိန်းကို တရုတ်ယွမ်ငွေသန်း ၃၃၀ ခန့်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်တွင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ Myanmar CDC Center ထူထောင်နိုင်ခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်းကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး တိုးတက်အောင် ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ကြောင်း SAC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြောကြားသည်။

Myanmar CDC Center ကို တရုတ်နိုင်ငံ ကူညီဆောက်လုပ်ပေးရန် ၂၀၁၈ ခုနှစ်တွင် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးကာလ သုံးနှစ်ဝန်းကျင် ကြာမြင့်ခဲ့သည်။

အဆိုပါစီမံကိန်းသည် ဧရိယာ စတုရန်းမီတာ ၄၀,၀၀၀ ကျယ်ဝန်းပြီး အဆောက်အအုံဧရိယာ စတုရန်းမီတာ ၁၈,၀၀၀ ရှိကာ CDC အဆောက်အအုံ၊ ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေးရုံး အဆောက်အအုံနှင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဇီဝလုံခြုံမှု အဆင့် – ၃ (Biosafety level 3) ဓာတ်ခွဲခန်းတို့ ပါဝင်ခဲ့ပြီး ယခုနှစ်အတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အကူအညီပေးသော အကြီးမားဆုံး စီမံကိန်းလည်းဖြစ်သည်။

လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျန်းမာရေးအဖွဲ့အစည်းများကို ပိုမိုထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန်အတွက် CDC ဟု ခေါ်သည့် ရောဂါထိန်းချုပ်ရေးဗဟိုဌာနများ ဖွင့်လှစ်တည်ထောင်ကြပြီး ရောဂါနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လာကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးကဏ္ဍတွင် ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် CDC စီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း SAC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *