October 23, 2024

၁၃.၆. ၂၀၂၄
Written by Shwe Phyo

မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုအဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် လာအိုနိုင်ငံအပါအဝင် အာဆီယံ သုံးနိုင်ငံတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးဖြစ်သူခွန်ပေါက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းက အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ အဖြစ်တာဝန်ယူနေသည့် လာအိုနိုင်ငံ၊ လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် မလေးရှားနိုင်ငံ၊၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ဖူးသော ကမ္ဘောဒီးယားနိုင်ငံတို့သည် လာမည့် ဇူလိုင်လတွင် မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်းပြောသည်။

၎င်းက ” လာမယ့်လအတွင်း လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဥက္ကဋ္ဌသုံးနိုင်ငံရဲ့တွေ့ဆုံဆွေးနွေးပွဲတွေကို လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။ ဇူလိုင်လအကုန်မှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်တွေရှိနေတယ် “ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံသည် ကြားဝင်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ပြီး SAC အဖွဲ့ အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီချက်ငါးချက်ကို လက်ခံသဘောတူညီခဲ့ကြောင်းသိရသည်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သော၂၀၂၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့်အာဆီယံထိပ်သီးအစည်းဝေးတွင် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရမည့် သဘောတူညီချက်တစ်ခုကို ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဖြစ်သလိုကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဖြစ်သော ဟွန်ဆန်သည် ပြီးခဲ့သောမေလ ၇ ရက်နေ့တွင် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံကာ မြန်မာ့အရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

REF . khmertimes

Leave a Reply

Your email address will not be published. Required fields are marked *