October 23, 2024

၁၃. ၆. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုရာတွင် ယခုဘဏ္ဍာနှစ် နှစ်လအတွင်း ဒေါ်လာ ၅၄ သန်းကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ ခု ခွင့်ပြုပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ နှစ်လအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၅၃ ဒသမ ၈၈၃ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄ ခုနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ သုည ဒသမ ၁၂၅ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုဖြင့် စုစုပေါင်း ဒေါ်လာ ၅၄ ဒသမ ၀၀၈ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်း ၁၅ ခု ခွင့်ပြုပေးခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၆၁ ဒသမ ၆၂၁ သန်းသာ ခွင့်ပြုနိုင်ခဲ့သော်လည်း နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၆၀ ခန့်အထိ အများဆုံးခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ နိုင်ငံရေးပဋိပက္ခများစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများလည်း တုံ့ဆိုင်းခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် သုံးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၉၄၄ ဘီလျံ (တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလျံနီးပါး) သာ ခွင့်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းပါးခဲ့မှု အခြေအနေများနှင့် ရင်ဆိုင်နေရသည့် ကာလများ၌ပင် နိုင်ငံအတွက် အဓိကလိုအပ်နေသည့် လျှပ်စစ်ကဏ္ဍအတွက် ဒေါ်လာ ၁ ဒသမ ၂၁၅ ဘီလျံ (ရာခိုင်နှုန်း ၄၀ ကျော်) အထိ ခွင့်ပြုပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုဘဏ္ဍာနှစ်အစတွင်မူ ဒေါ်လာလိုအပ်ချက်နှင့် ငွေလဲလှယ်နှုန်းများ ဈေးကစားဆွဲတင်ခြင်း ခံနေရသည်အချိန်တွင် ပြည်တွင်း၌ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကခွင့်ပြုပေးနေသည်ကို တွေ့ရှိရသည်။

ဘဏ္ဍာနှစ်အလိုက် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည့်အခြေနေမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ ဒသမ ၈၈၀ ဘီလျံ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၄၂ ဒသမ ၀၈၄ သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆၄၀ ဘီလျံဝင်ရောက်ထားခြင်းဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်အထိ ၃၅ နှစ်အတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ထားမှုအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၄၃၄ ဘီလျံဝင်ရောက်ထားကြောင်း DICA မှ သိရသည်။

ပုံစာ ။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို MIC တာဝန်ရှိသူများ သွားရောက်စစ်ဆေးမှုကို တွေ့ရစဉ် (Photo- DICA)

Leave a Reply

Your email address will not be published. Required fields are marked *