◼️ ဆန္ဒပြမှုများအတွင်း အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၂၀ ဦး ဒဏ်ရာရသော်လည်း ဥပဒေမူကြမ်း အတည်ပြုနိုင်ခဲ့
၁၃.၆.၂၀၂၄
Translated by Htwe Ko Tun
အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့ အမျိုးသားကွန်ဂရက် ၌ အထက်လွှတ်တော်အမတ်များက လစ်ဘရယ်ဝါဒီ အာဂျင်တီးနားသမ္မတ ဂျာဗီးယား မီလီက အဆိုပြုထားသည့် အငြင်းပွားဖွယ် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဥပဒေမူကြမ်းကို အချေအတင်ဆွေးနွေးနေကြစဉ်မှာပင် ကွန်ဂရက်အဆောက်အအုံ အပြင်ဘက်၌ အစိုးရဆန့်ကျင်သည့်ဆန္ဒပြသမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်တိုက်ခိုက်မှုများ ဇွန်လ ၁၂ ရက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ရဲတပ်ဖွဲ့က ရေအမြောက်များ၊ မျက်ရည်ယိုဗုံးများအသုံးပြု၍ ဆန္ဒပြသမားများအား လူစုခွဲခဲ့ကြသည်။ ဆန္ဒပြသမားများကလည်း ရဲတပ်ဖွဲ့ဝင်များအား ပစ္စည်းပေါင်းစုံဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ ရုပ်မြင်သံကြားဌာနတစ်ခု၏ရှေ့တွင်ဆိုလျှင် ဆန္ဒပြသမားများက ကားတစ်စီးကို ပက်လက်လှန်၍မီးရှို့ခဲ့ ကြရာ မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသည်။
ဆန္ဒပြသမားများတွင် လူမှုအဖွဲ့အစည်းများနှင့် သမဂ္ဂပေါင်းစုံတို့မှ ပါဝင်ကြပြီး ၎င်းတို့က ဥပဒေမူကြမ်းပါ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ သမ္မတ ဂျာဗီးယား မီလီ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်များက လက်ရှိတွင် ငွေဖောင်းပွမှုနှုန်း ၃၀၀ ရာခိုင်နှုန်းနီးပါး မြင့်တက်နေသော အာဂျင်တီးနားနိုင်ငံ၏ ပြည်သူများအတွက် ဆင်းရဲမွဲတေမှုကို ပိုမို နက်ရှိုင်းစေမည်ဟု ဆန္ဒပြသမားများက ပြောကြားခဲ့ကြသည်။
သို့သော်လည်း နောက်ဆုံးရရှိလာသောသတင်းများအရ ဇွန်လ ၁၂ ရက်ညပိုင်းတွင် သမ္မတ အဆိုပြုထားသော ဥပဒေမူကြမ်းအား အထက်လွှတ်တော်၌ ၃၇ မဲ-၃၆ မဲဖြင့် ပွတ်ကာသီကာအနိုင်ရကာ အတည်ပြုနိုင်ခဲ့ကြကြောင်း သိရသည်။ အထက်လွှတ်တော်တွင် အမတ် ၇၂ ဦးရှိရာ ဥပဒေကြမ်းတစ်ခုကို အတည်ပြုဆုံးဖြတ်နိုင်ရန် အနည်းဆုံးအမတ် ၃၇ ဦး၏ထောက်ခံမှုလိုအပ်သည်။ ကွန်ဂရက် အဆောက်အအုံ အပြင်ဘက်၌ ဥပဒေမူကြမ်းအား ဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွားနေစဉ်မှာပင် အထက်လွှတ်တော်အမတ်များအကြား ၁၁ နာရီကြာဆွေးနွေးမှုပြီးမှ အတည်ပြုနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အာဏာပိုင်များက ဇွန်လ ၁၂ ရက် ဆန္ဒပြတိုက်ခိုက်မှုများအတွင်း အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၂၀ ဦးဒဏ်ရာ ရခဲ့ကြပြီး ဆန္ဒပြသမားတစ်ဒါဇင်ကျော်ကိုလည်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဖမ်းဆီးထားကြောင်း သိရသည်။
Ref-CNN, AP