October 23, 2024

၁၃. ၆. ၂၀၂၄
Written by Nyein Kyaw

ယခုဘဏ္ဍနှစ်တွင် ဆန်နှင့်ဆန်ကွဲ ပြည်ပသို့ တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ရန် ရည်မှန်းချက်အရ တစ်လလျှင် တန်ချိန် ၂ သိန်းကျော် တင်ပို့ရမည်ဖြစ်သော်လည်း ဘဏ္ဍာနှစ်အစ နှစ်လအတွင်း တင်ပို့မှုပမာဏသည် တစ်လတင်ပို့ရမည့်ပမာဏကိုပင် မပြည့်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလတွင် တန်ချိန် ၁၁၁,၈၆၂ တန် တင်ပို့မှုမှ ဒေါ်လာ ၅၅ သန်းနှင့် မေလတွင် တန်ချိန် ၇၁၂၇၉ ဒသမ ၅ တန် တင်ပို့မှုမှ ‌ဒေါ်လာ ၃၆ သန်းဖြင့် ယခုဘဏ္ဍာနှစ် နှစ်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၈၃,၁၄၁ ဒသမ ၅ တန်သာ တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၉၁ ဒသမ ၂၆ သန်းသာရရှိခဲ့သည်။

ယခုဇွန်လတွင် ပြည်ပသို့ ဆန်တန်ချိန် ၁၃၅,၉၂၀ တင်ပို့ရန် ဆန်သင်္ဘော ၈ စင်း ဆိုက်ကပ်လျက်ရှိပြီး ဆန်တန်ချိန် ၇၄,၀၀၀ တင်ပို့ရန်အတွက် သင်္ဘော ၄ စင်းလည်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလအထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တစ်လလျှင် တန်ချိန်သောင်းဂဏန်းမျှသာ တင်ပို့နိုင်ခဲ့၍ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် တန်ချိန် ၁ ဒသမ ၆ သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ‌ဒေါ်လာ ၈၄၅ သန်းကျော်သာရရှိခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းအထိ တိုးမြှင့်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်အထိ ရရှိစေရန်ရည်မှန်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က MT News သို့ ပြောကြားထားသည်။ ယခုဘဏ္ဍာနှစ်တွင် ယခင်နှစ်တင်ပို့မှုပမာဏထက် ရာခိုင်နှုန်း ၃၀ ကျော် ထပ်မံတိုးမြှင့်လျာထားခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *