October 23, 2024

၁၃.၆.၂၀၂၄
Written By Thandar

မကြာခင် ရုပ်ရှင်ပိတ်ကားထက်မှာ ပြသသွားမယ့် “အစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ အနေနဲ့ စိတ်ဝင်စားပြီးကြောက်စရာကောင်းမယ် ဝမ်းနည်းစရာပုံလေးကိုမှ နှလုံးသားနုတဲ့သူတွေဆို မျက်ရည်ကျလောက်တဲ့ထိဖြစ်စေမယ့်ကားဖြစ်အောင် ဖန်တီးထားတယ်လို့ ဒါရိုက်တာ အာကာစိုးဦးက MT Entertainment ကို ပြောပါတယ်။

“ဒီဇာတ်ကားလေးက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်လို့ အများကြီး ကြိုးစားထားပါတယ်။ ဇာတ်ညွှန်းပိုင်းကို အဓိက အားထား ပြင်ဆင်ထားပါတယ်။ ခံစားချက်ကတော့ လူငယ်ဒါရိုက်တာတစ်ယောက် ဇာတ်လမ်းဇာတ်အိမ်နဲ့ ဇာတ်ညွှန်း သေချာစနစ်တကျ စီစဉ်ပြီး ဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခုကို ရုပ်ရှင်ကြည့်ပရိသတ်တွေဆီ ပို့ပေးချင်နေပြီ။ ကြောက်ရမယ်။ စိတ်ဝင်စားစရာကောင်းမယ်။ ဝမ်းနည်းရမယ်။ နှလုံးသားနုတဲ့သူတွေဆို မျက်ရည်ကျလောက်တဲ့ထိ ဖြစ်စေမယ့် ကားလေးပါ။ ရုပ်ရှင်ရုံက ထွက်တာနဲ့ ရင်ထဲ ခံစားချက်တွေအပြည့်နဲ့ အိမ်ပြန်ရမယ့် ကားတစ်ကားပါ” လို့ ဒါရိုက်တာ အာကာစိုးဦးက MT Entertainment ကို ပြောပါတယ်။

Mee Mee Mway Production ရဲ့ ဒီဇာတ်ကားကို ဇာတ်ညွှန်း အာကာစိုး ၊ ဇေယျတု ၊ ဟင်နရီ စောထွန်းတို့က ရေးသားထားပြီးတော့ ဇာတ်လမ်းပိုင်းနဲ့ ဒါရိုက်တာ အနေနဲ့ အာကာစိုးဦးက ၂၀၂၃ ခုနှစ် ဇူလိုင်လက ရန်ကုန်မြို့မှာ ရိုက်ကူးပုံဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ လွှမ်းပိုင် ၊ မင်းဘုန်းမြတ်၊ အကယ်ဒမီ မေမြင့်မိုရ်၊ မှူးထိပ်ထား ၊ စွမ်းထက်အောင်၊ ပိုင်စိုးသူ၊ နေရှိုင်း၊ ဒီမိုးစက်၊ စိုးမိုးကြည်၊ မိုခမ်း၊ ခင်စန်းဝင်း၊ ချိုမဒီသွင်၊ ဂျီဂျီး၊ အထူးဧည့်သည်သရုပ်ဆောင် ခင်ဇာခြည်ကျော်၊ ကလေးသရုပ်ဆောင် ဒီလရောင်၊ ယွန်းမီမီဇော် စတဲ့ အနုပညာရှင်များစွာ ပါဝင် အားဖြည့်ထားကြပါတယ်။ ဒါရိုက်တာ အာကာစိုးဦးကတော့ လက်ရှိ မဟာနဲ့ ရိုက်ထားတဲ့ “ဇော” ဇာတ်လမ်းတွဲ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။

“ဒီကားလေးက လူငယ်လူသစ်တွေ အတော်များများပါဝင်ထားပါတယ်။ ဒါရိုက်တာ အတွက်ရော ထုတ်လုပ်ရေးအတွက်ပါ ပထမဆုံးရုပ်ရှင်ကားပါ။ ကျွန်တော့်အတွက်လည်း ပထမဆုံး Horror ရုပ်ရှင်ဖြစ်လို့ အားလုံး အတွက် စိန်ခေါ်မှုရှိပါတယ်။ အဲဒီအတွက်လည်း အားလုံးက သေချာလေးကြိုးစားထားပါတယ်”လို့ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *