October 23, 2024

၁၃. ၆. ၂၀၂၄
Written by Min Mahar

မန္တလေးမြို့ရှိ Paradise ဖုန်းရောင်းဝယ်ရေးဆိုင်တွင် လုယက်မှုတစ်ခုဖြစ်ပွားကာ iPhone ၁၅ လုံးအား အနုကြမ်းစီး၍ လုယက်ယူဆောင်သွားမှု ယမန်နေ့ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့(ယမန်နေ့) ည ၇ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ ၆၉ လမ်းနှင့် ၃၈ လမ်းထောင့်ရှိ Paradise ဖုန်းရောင်းဝယ်ရေးဆိုင်တွင် အသက် ၂၆ နှစ်အရွယ်ခန့်ရှိသော ဆိုင်ပိုင်ရှင်အမျိုးသားသည် ဆိုင်ဝန်ထမ်း အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးတို့နှင့်အတူရှိနေစဉ်အတွင်း အင်္ကျီလက်ရှည်အနက်၊ ဘောင်ဘီရှည်အနက်၊ ရှူးဖိနပ်အဖြူ၊ လျှာထိုးဦးထုပ်အညိုရောင်ဆောင်းထားပြီး Mask တပ်ထားသူနှင့် အင်္ကျီလက်ရှည်အနက်ရောင်၊ ဂျင်းဘောင်းဘီ အဖြူရောင် လျှာထိုးဦးထုပ် ခဲရောင်၊ ရှူးဖိနပ်အဖြူရောင် ဝတ်ဆင်ထားသူတို့ ၂ ဦးသည် ဓားရှည်များကိုယ်စီကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဆိုင်အတွင်းရှိဝန်ထမ်းများကို”အားလုံးငြိမ်ငြိမ်နေ မဟုတ်ရင်ဓားနဲ့ အကုန်ခုတ်သတ်ပလိုက်မည်”ဟု ခြိမ်းခြောက်ပြောဆိုကာ မှန်ကောင်တာနှစ်လုံးအား ရိုက်ခွဲ၍ အထဲမှ iPhone ၁၅ လုံးအား အနုကြမ်းစီး၍ လုယက်ယူဆောင်သွားကြောင်း ဆိုင်ပိုင်ရှင်အမျိုးသားထံမှ သိရသည်။

အခင်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့မှလည်း ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လုယက်ယူဆောင်သူများကို အမြန်ဆုံးပြန်လည် ဖမ်းဆီရမိရေးအတွက် လိုက်လံရှာဖွေမှုများပြုလုပ်နေကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *