၁၃.၆.၂၀၂၄
Written by TZ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ပေါက်တောရပ်ကွက်၊ မြောင်းကြီးလမ်းတွင် နေထိုင်သည့် ကလေးငယ်တစ်ဦးမှာ နေအိမ်ခြံဝန်းအတွင်း မိုးရေထွက်ချိုးရာမှ အုတ်နံရံ ပြိုကျပြီး ကလေး၏ လက်ကိုပိမိကာ မိုးရွာသွန်းသောကြောင့် မိုးရေများမှာ ခြံဝန်းထဲသို့ ရောက်ရှိမြင့်တက်လာသည့်အထိ ကလေးငယ်မှာ လက်ထုတ်မရသောကြောင့် ရေမွန်းပြီး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ ဇွန်လ ၁၂ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်အချိန်တွင် မိုးရွာသွန်းသောကြောင့် သေဆုံးရှာသူ ကလေးငယ်က နေအိမ်ခြံဝန်း၏ အုတ်နံရံဘေး၌ မိုးရေချိုးနေစဥ်အတွင်း ထိုအုတ်နံရံမှာ ပြိုကျသောကြောင့် ကလေးငယ်၏လက်ကို ပိမိသွားခဲ့သည်။ ထိုအချိန် မိုးရွာသွန်းသောကြောင့် ပေါက်တောရပ်ကွက်ရှိ မြောင်းကြီးလမ်းမှာ ရေများမှာများပြားနေပြီး ခြံဝန်းထဲသို့ရေများရောက်ရှိလာရာ ကလေးငယ်မှာ လက်ထုတ်မရသောကြောင့် ရေမွန်း၍သေဆုံးသွားရခြင်းဖြစ်သည်။
“ကလေးက မိုးရေထွက်ချိုးတာ။ အဲ့ဒီမှာအုတ်နံရံက ပြိုကျပြီး ကလေးလက်ကို ပိမိတာ။ ဒီမှာက မိုးရွာရင် ရေတွေကတက်လာတာ။ သူတို့ခြံဝန်းထဲလည်းရေတွေရောက်တော့ ကလေးက အဲ့ဒီမှာ လက်ကိုလည်းထုတ်မရ ရေတွေလည်းများတော့ ရေမွန်းပြီးသေတာ” ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။
အဆိုပါ ကလေးငယ်မှာ အသက်( ၅)နှစ်အရွယ်ဖြစ်ပြီး ရုပ်အလောင်းကို အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ – တွဲလက်လူမှုကူညီရေးအဖွဲ့