October 23, 2024

၁၃. ၆. ၂၀၂၄
Written by Nay Moe

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် တားဆီးစစ်ဆေးချိန် မောင်းနှင်ထွက်ပြေးသည့် ယာဥ်တစ်စီးပေါ်မှ ငွေကျပ် ၆ ဘီလျံနီးပါး တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွားကားလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA HILUX မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစဉ် အဆိုပါယာဉ်မှာ ဂျိုးဖြူကျေးရွာလမ်းဆုံအနီးရှိ လမ်းဘေးရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်ပါ မျိုးကို(ခ)မျိုးကြီး အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်း ရဲကြီး မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် အဆိုပါယာဉ်အားရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၇ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလို၊ ကက်တမင်း ၂၀၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ယာဉ်ပိုင်ရှင် ထက်ကြည်စိုး အား ဇွန်လ ၉ ရက်နေ့ နံနက် ၁ နာရီအချိန် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ ကျိုင်းတုံသို့သယ်ဆောင်ခဲ့သည့် NISSAN DIESEL ၁၀ ဘီးမော်တော်ယာဉ်ကိုပါ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာကားကြီးကွင်းရှေ့တွင် ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ကွန်ဟိန်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *