၂၂. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
SAC ၏ နိုင်ငံခြားရေးဝန်ကြီးတက်ရောက်မည်ဆိုသည့် မြန်မာ့နိုင်ငံရေးအခြေအနေဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ဦးဆောင်ပြီး ဘန်ကောက်တွင် ယနေ့ကျင်းပနေသည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအသင်းကချမှတ်ထားသော အများသဘောဆန္ဒ ငါးချက်ကိုအကောင်အထည်ဖော်ရာတွင် တိုးတက်မှု အရှိန်အဟုန်မြှင့်နိုင်ရန် ရည်မှန်းကာ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံရေးအခြေအနေ အလွတ်သဘောဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းအစိုးရကဦးဆောင်၍ ဒီဇင်ဘာလ ၂၂ ရက်တွင် ကျင်းပနေခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းတက်ရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော် မလေးရှားနိုင်ငံကမူ တက်ရောက်ခြင်းမရှိဟု သိရသည်။
အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မည်သည့်နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ကြောင်းမှာ ရှင်းလင်းစွာမသိရဟု သတင်းများကဆိုသည်။
အဆိုပါအစည်းအဝေးသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် မကြာမီကျင်းပခြင်းလည်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းနိုင်ငံ၏ ထိပ်တန်းသံတမန်နှင့် အထူးကိုယ်စားလှယ်ဖြစ်သော နိုင်ငံခြားရေးဝန်ကြီး မစ္စတာပရတ်ဆိုခွန်းက ထိုင်းနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဆိုပါအစည်းအဝေးသို့ တက်ရောက်မည်ဟု ပြောခဲ့သည်။
ပါဝင်တက်ရောက်သူများအနေနှင့် ပွင့်လင်းစွာဆွေးနွေးမှုပြုကြပြီး မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအသင်းကချမှတ်ထားသော အများသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖေါ်ရာတွင် တိုးတက်မှုများအရှိန်အဟုန်မြှင့်တင်ရေးအတွက်ပါ နှိင်းချိန်ဆောင်ရွက်နိုင်ကြမည်ဟု မျှော်လင့်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်ဖေါ်ပြခဲ့သည်။
ထိုင်းအစိုးရသတင်းအရင်းအမြစ်တစ်ခုက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း အဆိုပါအစည်းအဝေးသို့ တက်ရောက်မည်ဟု ဆိုသည်။ သို့သော် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံစလုံး၏ အစိုးရများက တစ်စုံတစ်ရာ ပြန်လည်ပြောကြားခြင်းမရှိသေးပေ။
Ref—-AFP, BERNAMA