October 23, 2024

၁၃. ၆. ၂၀၂၄
Written by Nyein Kyaw

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄)တွင် အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပညာရေးရလဒ်များနှင့် ပညာရေးအခြေအနေများရရှိစေရန် ဦးတည်၍ ဝိုင်းဝန်းဆွေးနွေးရန်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇွန်လ ၁၂ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂ဝ၂၄) ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့သည်။

ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေးကို ပိုမိုမြှင့်တင်ပေး”ဆိုသည့် ဦးတည်ချက်ဖြင့် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်တိုင်တိုင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) တွင် ကျင်းပသွားမည်ဖြစ်သည်။

ယခုနှစ် ပညာရေးညီလာခံတွင် ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ Parallel Session များအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာ၊ ဆရာအတတ်ပညာနှင့်သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတို့အပြင် အရည်အသွေးအာမခံမှုဆိုသည့် ကဏ္ဍသစ်တစ်ခုကို ထပ်တိုးထားသည့်အတွက် စုစုပေါင်းကဏ္ဍ ၆ ခုရှိမည်ဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီအလိုက် စာတမ်း ၆ ခုစီဖြင့် စာတမ်းပေါင်း ၃၆ ခုကို ဆွေးနွေးသွားမည်ဖြစ်သည်။ ယခင်နှစ်တွင် ကဏ္ဍ ၅ ခုအတွက် စာတမ်း ၄၂ စောင် ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

စာတမ်းအရေအတွက် နည်းခြင်း များခြင်းထက် ရလဒ်ကောင်းများရရှိနိုင်ရေး ဦးတည်ရန်ကိုလည်း တိုက်တွန်းလိုကြောင်း၊ ထို့ပြင် ယခင်နှစ်ညီလာခံက ဖော်ထုတ်ရရှိခဲ့သည့် သုံးသပ်ချက်များအား အကောင်အထည် ဖော်ဆောင်ရာတွင် အောင်မြင်အောင်ဆောင်ရွက်နိုင်မှုများနှင့် ဆက်လက်ဆောင်ရွက်ဆဲ လုပ်ငန်းများရှိနေသကဲ့သို့ ယခုနှစ်ညီလာခံ၏ ဆွေးနွေးမှုရလဒ်များကိုလည်း ပြန်လည် သုံးသပ်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပညာရေးရလဒ်များနှင့် ကောင်းမွန်သည့် ပညာရေးအခြေအနေများရရှိစေရန် ဦးတည်၍ ဝိုင်းဝန်းဆွေးနွေးကြရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ယခုနှစ်တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကို တိုင်းချစ်၊ ပြည်ချစ်စိတ်ရှိသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ အရည်အသွေးပြည့်ဝသော ပညာတတ်များ မွေးထုတ်ပေးနိုင်ရန်၊ ထုတ်လုပ်မှုကိုအားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆရာ/ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်းလာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *