၁၂. ၅. ၂၀၂၄
Written by Min Mahar
မန္တလေးမြို့ရှိ”ဇွဲထက်”လက်ဝတ်ရတနာဆိုင်(၄)ရှေ့အား အမည်မသိလူငယ် ၂ ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သွား၍ ပေါက်ကွဲမှုဖြစ်ကာ ဆိုင်ရှေ့ရပ်ထားသည့် မော်တော်ဆိုင် ကယ် ၂ စီး အနည်းငယ်ပျက်စီးဆုံးရှုံးသွားသည့်အပြင် ဆိုင်ဝန်ထမ်းအမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၅ ဦးတို့ ဒဏ်ရာများအသီးသီးရရှိသွားမှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့နေပြည်သူများပြာပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့(ယနေ့)မွန်းလွဲ ၂ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ အကွက်(၅၅၉)၊ ၈၄ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ “ဇွဲထက်”လက်ဝတ်ရတနာအရောင်းဆိုင်(၄)ကို အမည်မသိ အမျိုးသားလူငယ် ၂ ဦးသည် CZI 125 ဆိုင်ကယ်ဖြင့် ၃၄ လမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်းနှင်လာပြီး ၃၄ လမ်းနှင့် ၈၄ လမ်းထောင့်အရောက်တွင် နောက်ကထိုင်လိုက်လာသူမှ လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်၍ ထွက်ပြေးရာ ဗုံးမှာ ဇွဲထက်ရွှေဆိုင်ရှေ့မျက်နှာစာသို့ ကျရောက်ပေါက်ကွဲသွားကြောင်း သိရသည်။
“နေ့လည် ၂ နာရီလောက်က ၈၄ လမ်းနဲ့ ၃၄ လမ်းထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင် လက်ပစ်ဗုံးနဲ့ အထုခံလိုက်ရတယ်။ အုံးကနဲ အသံကအကျယ်ကြီးပဲ ကြားလိုက်ရတယ်။ ဝန်ထမ်း ၅ ဦးတော့ထိတယ် ပြောနေကြတယ်။ ဆိုင်ကယ်တွေလည်း ထိတယ်လို့ကြားတယ်။ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံပို့လိုက်တာ မြင်လိုက်တယ်။ အခြားတော့ ထိခိုက်တယ်ဆိုတာ မကြားမိဘူး။ ဖြစ်ပြီးခဏနေတော့ စစ်သားတွေနဲ့ ရဲတွေရောက်လာပြီး စစ်ဆေးနေကြတယ်။ လမ်းတွေလည်း ပိတ်ပြီး သူတိုမသင်္ကာတဲ့သူတွေကို စစ်ဆေးနေကြတယ်။ အခုညနေထိတောင် အချို့နေရာတွေမှာ အစစ်အဆေးကြမ်းနေတုန်းပဲ။ မနေ့ည ၈ နာရီကျော်ကလည်း ၃၅ လမ်းမှာရှိတဲ့ Pioneer KTV ဆိုင်ကိုလည်း ဗုံးပစ်ခံရတယ်လို့ကြားတယ်။ အခုတလော မန္တလေးမှာ ပေါက်ကွဲသံတွေ ပြန်ကြားနေရတယ်။ သင်္ကြန်တုန်းက ဗဟိုမဏ္ဍပ်အနောက်ပေါက်ကွဲပြီးကတည်းက အသံမကြားရတော့တာ အခုပြန်ကြားရတော့တာပဲ။ ဘယ်သူ့ဘယ်သူကိုမှ မထိခိုက်စေချင်တော့ဘူး။ ခုလိုတွေလုပ်တော့ရော ဘယ်သူအကျိုးရှိလဲ။ ပြည်သူပဲ အထိနာတာ အဖတ်တင်ပြီး ကိုယ်မြို့ပဲ ပြန်မငြိမ်းချမ်းတာပေါ့”ဟု ပေါက်ကွဲမှုအနီးနေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါပေါက်ကွဲသွားမှုကြောင့် 125 အနက်ရောင်ဆိုင်ကယ်နှင့် ဆိုင်ကလုန်း အနက်ရောင်ဆိုင်ကယ် ၂ စီးတို့ အနည်းငယ်ပျက်စီးဆုံးရှုံးသွားသည့်အပြင် ရွှေဆိုင်ဝန်ထမ်းများဖြစ်ကြသော မကြယ်စင်ဝင်းလဲ့အောင်တွင် ဝဲဘက်လက်ဖျံ ဗုံးထိမှန်သွားသည့်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကိုရှိုင်းမင်းဦးတွင် ယာလက်မောင်း ဗုံးစထိမှန်ဒဏ်ရာ၊ ဝဲနားနောက်ကို ဗုံးစထိမှန်သွားသည့်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကိုထွန်းထွန်းအောင်တွင် ယာဘက်ရင်အုံသို့ ဗုံးစထိမှန်သွားသည့်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကိုသန်းထိုက်တွင် နောက်ကြောဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကိုကိုနောင်တွင် ဝဲဘက်ခြေသလုံးနှင့် ဝဲဘက် နံဘေးတွင် ဗုံးစများထိမှန်ခဲ့သောဒဏ်ရာ(မစိုးရိမ်ရ)များ အသီးသီးရရှိခဲ့သည့်အတွက် ဒေသခံလူမှုကူညီရေးမော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှုခံယူနေကြောင်း ဇွဲထက်ရွှေဆိုင်မန်နေဂျာမှ MT News သတင်းဌာနသို့ ပြောသည်။
ထို့ကဲ့သို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်သွားသူများအား အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ လိုက်လံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦး ပြောဆိုမှုအရ သိရသည်။