October 23, 2024

တတိယကမ္ဘာစစ်ဖြစ်ပွားမည်စိုးထိတ်နေချိန် ရုရှားရေတပ်သင်္ဘောများ အမေရိကန်ကမ်းခြေမှ ၂၅ မိုင်အကွာတွင် စစ်ရေးလေ့ကျင့်မှုပြုလာသည်အထိ ရုရှားနှင့်နေတိုးအကြား တင်းမာမှုမြင့်တက်လာ

၁၂.၆.၂၀၂၄.
Translated by Htwe Ko Tun

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း အမေရိကန်နဲ့ နေတိုးအုပ်စုနိုင်ငံတချို့က ယူကရိန်းအစိုးရကို သူတို့ထောက်ပံ့ထားတဲ့လက်နက်တွေနဲ့ ရုရှားနိုင်ငံအတွင်း တိုက်ခိုက်ဖို့အထိ ယူကရိန်းကို ခွင့်ပြုခဲ့ခြင်းနဲ့အတူ ရုရှားနဲ့နေတိုးအုပ်စုကြားတင်းမာမှုတွေက ဇွန်လအတွင်း ပိုလို့မြင့်တက်လာပါတယ်။

ရုရှားဘက်က တန်ပြန် ခြိမ်းခြောက်မှုတွေနဲ့အတူ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တာကို စိုးရိမ်မှုတွေ မြင့်တက်လာနေကြရတုံးမှာ ရုရှားစစ်သင်္ဘောတွေနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတို့က အမေရိကန်ပြည်ထောင်စု ကမ်းခြေနဲ့ ၂၅ မိုင်ခန့်သာ ဝေးကွာတဲ့ ရေပြင်မှာ အခုရက်သတ္တပတ်အတွင်းစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ကာ ဖြတ်သန်းသွားခဲ့တာကို စိုးရိမ်ဖွယ်ရာ တွေ့ရှိခဲ့ရပြန်ပါတယ်။

ရုရှားရေတပ်သင်္ဘောစုကို ခေတ်အမီဆုံးဖရီးဂိတ်စစ်သင်္ဘောလည်းဖြစ်တဲ့ Admiral Gorshkov က ဦးဆောင်တာပါ။ ဒီနောက်မှာတော့ အသံထက်ငါးဆမြန် ဒုံးကျည်တွေတင်ဆောင်ထားတဲ့ ဒုံးကျည်တင်သင်္ဘောတစ်စီးနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတို့က အတ္တလန်တိတ်သမုဒ္ဒရာအတွင်း ဇွန်လ ၁၁ ရက်မှာ စစ်ရေးလေ့ကျင့်ခဲ့ကြတာပါပဲ။

ရုရှားရေတပ်သင်္ဘောတွေ ခုလို အတ္တလန်တိတ် သမုဒ္ဒရာမှာ လာရောက်စစ်ရေးလေ့ကျင့်မှုဟာ ရုရှားက ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေကို သူ့အနေနဲ့ သမ္မတဘိုင်ဒန်ရဲ့ အိမ်တံခါးဝအထိ နေရာယူထားနိုင်တယ်လို့ အင်အားပြပြီး ခြောက်လှန့်ဖို့ ရည်ရွယ်ပုံရတယ်လို့ မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

Admiral Gorshkov ခေတ်မီဖရီးဂိတ်သင်္ဘောနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတို့ နှစ်စီးစလုံးက ရုရှားရေတပ်ရဲ့ နျူကလီးယားတိုက်ခိုက်ရေးအင်အားစုမှာ အဓိကကျပြီး စစ်ရေယာဉ်စုကိုလည်း ဦးဆောင်လာတာပါ။ရုရှားရဲ့ တယ်လီဂရမ် လူမှုကွန်ရက်လိုင်းတွေပေါ်မှာလည်း နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဟာ ပဲ့ထိန်းဒုံးကျည်တွေကိုတင်ဆောင်ပြီး အမေရိကန်ပြည်ထောင်စု ကမ်းရိုးတန်းနဲ့ ၂၅ မိုင်သာဝေးတဲ့ ရေပြင်က ဖြတ်သန်းသွားနေတယ်လို့ဖော်ပြထားပါတယ်။

ရုရှားစစ်ရေယာဉ်စု သွားနေတဲ့လမ်းက ဖလော်ရီဒါပြည်နယ်နဲ့ ဂရင်းဘာဟားမားကျွန်းတို့ အကြားမှဖြစ်ပြီး အမေရိကန်စစ်တပ်ကလည်း အထူးစောင့်ကြည့်နေတာ တွေ့ရပါတယ်။ ဒေသအတွင်းထောက်လှမ်းမှုတွေကလည်း ရုရှားစစ်သင်္ဘောတွေလေ့ကျင့်နေမှုကို ရေကြောင်း၊ လေကြောင်းမှ အလေးထားစောင့် ကြည့်နေပါတယ်။

ရုရှားသမ္မတပူတင်က နေတိုးရဲ့အနီးကပ်ရန်သူတွေကို အင်အားပြင်းထန်တဲ့လက်နက်တွေ ထောက်ပံ့သွားမယ်လို့ ခြိမ်းခြောက်ထားခဲ့တာတောင် ရုရှားစစ်သင်္ဘောတွေလာရောက်ခဲ့ရာ ကျူးဘားနိုင်ငံအစိုးရကတော့ ဒီရေယာဉ်စုမှာ နျူကလီးယားလက်နက်တွေသယ်ဆောင်လာတယ်ဆိုတာမဟုတ်ပါဘူးလို့ ငြင်းဆိုမှုပြုခဲ့ပါတယ်။

ဒီလုပ်ဆောင်မှုက အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် ဒုံးကျည်တွေထောက်ပံ့ခဲ့ခြင်းကို တုံ့ပြန်မှုလည်းဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ အတ္တလန်တိတ်သမုဒ္ဒရာမှာ စစ်ရေးလေ့ကျင့်မှုတွေအတွင်း Admiral Gorshkov က ရုရှားရဲ့မြောက်ပိုင်းရေတပ်ဖွဲ့ကို ပုံစံတူ လေကြောင်းတိုက်ခိုက်မှုတွေ၊ သင်္ဘောပစ်လက် နက်တွေနဲ့ အောင်မြင်စွာလေ့ကျင့် ကာကွယ်ပေးခဲ့တယ်လို့ကြေညာခဲ့ပါတယ်။

ဒီမှာသတိပြုသင့်တာကတော့ ကာရေဘီယံဒေသကို ရုရှားစစ်သင်္ဘောတွေ တိုးချဲ့တပ်ချလာတာ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်ကလည်း ကျူးဘားကိုလာရောက်မှုနဲ့ Admiral Gorshkov က ဒီဒေသအတွင်းဆိပ်ကမ်းတွေကို မကြာခဏလာရောက်မှုတို့အပါအဝင် ရုရှားရေတပ်က အလားတူ နယ်မြေချဲ့ ဝင်ရောက်နေရာယူမှုတွေရှိခဲ့ပါတယ်။နွေရာသီကာလတစ်လျှောက်လုံး ရုရှားရေတပ်အနေနဲ့ ဒေသ အတွင်း တိုးချဲ့နေရာယူမှုတွေလုပ်လိမ့်မယ်လို့လည်း အချို့ကယူဆကြပါတယ်။

အမေရိကန်အစိုးရကတော့ ရုရှားရဲ့ အခုပြုလုပ်ခဲ့တဲ့ခြိမ်းခြောက်မှုကို စစ်ရေးတိုက်ခိုက်မှုပြုလာနိုင်တဲ့  ခြောက်လှန့်မှုတစ်ခုအဖြစ် မထင်သေးပါဘူး။ အမေရိကန်ရေတပ်ကလည်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်ဆိုပါတယ်။

အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးတစ်ဦးကတော့ ရုရှားအနေနဲ့ ခုလိုစစ်ရေးလေ့ကျင့်မှုတွေ၊ ရေတပ်နဲ့ လေတပ်တို့ကို အမေရိကန်နိုင်ငံအနားလှုပ်ရှားမှုတွေကို ပိုလုပ်လာနိုင်တယ်။ ဒါကလည်း ရုရှားအနေနဲ့ ကမ္ဘာ့အင်အားကြီးတွေထဲ အဆင့်တစ်ဆင့်နဲ့ ဆက်လက်ပါဝင်နေနိုင်သေးတယ်ဆိုတာပြတာပဲလို့ ပြောခဲ့ပါတယ်။

Ref-Florida Today.com

Leave a Reply

Your email address will not be published. Required fields are marked *