October 23, 2024

၁၂.၆.၂၀၂၄
Translated by Htwe Ko Tun

ဆင်မတွေသားဖွားတဲ့အခါမှာ အမြွှာပူး‌မွေးဖွားတယ်ဆိုခြင်းက အလွန်ရှားပါးပြီး တွေ့ရခဲတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာ အသက် ၃၆ နှစ်ရှိ ဂျမ်ဂျူရီ အမည်ရှိတဲ့ အာရှဆင်မတစ်ကောင်ကတော့ ဇွန်လ ၇ ရက် ညနေပိုင်းက ထူးထူးခြားခြားဆင်သားပေါက်နှစ်ကောင်ကို အမြွှာမွေးဖွားခဲ့တယ်လို့သိရပါတယ်။

ဂျမ်ဂျူရီက ဘန်ကောက်မြို့တော် မြောက်ဘက်မှာရှိတဲ့ အယုဒ္ဓယရှိ ဆင်နန်းတော်နဲ့ ဆင်များမွေးမြူ ထိန်းကျောင်းရာနေရာမှာ ဆင်ပေါက် အထီးလေးတစ်ကောင်ကို စတင်မွေးခဲ့ခြင်းပါ။ တစ်ခါ ၁၈ မိနစ်လောက်အကြာမှာတော့ ဂျမ်ဂျူရီက နောက်ထပ်ဆင်မလေးတစ်ကောင် ထပ်မံမွေးဖွားခဲ့ရာမှာ ဆင်ထိန်းတွေမှာ မမျှော်လင့်ဘဲ အံ့အားသင့်ခဲ့ကြရတယ်လို့ဆိုပါတယ်။

သဘာဝရဲ့ထူးခြားဆန်းကြယ်မှုလို့ဆိုရမယ့် အမြွှာပူး‌မွေးဖွားလာတဲ့ ဆင်မ ဂျမ်ဂျူရီဟာ နောက်ထပ်မွေးဖွားလာခဲ့တဲ့ ဆင်သားပေါက်အမလေးကိုတော့ တိုက်ခိုက်မှုတွေပြုခဲ့ပါတယ်။ ဒါကြောင့်ဆင်ထိန်းတစ်ဦးက တိုက်ခိုက်မှုကို တားဆီးဖို့ကြိုးစားရာမှာ သူ့ကိုလည်း ဂျမ်ဂျူရီရဲ့ ကန်ကျောက်မှုကိုခံခဲ့ရပြီး ခြေချင်းဝတ်တောင် အက်ကွဲခဲ့ရပါတယ်။

အဲဒီမှာ ဆင်ထိန်းတွေက ဒုတိယမွေးဖွားလာတဲ့ဆင်ပေါက်လေးကို အဝေးကို ယူဆောင်ပြီး ထိန်းသိမ်းမှုပြုခဲ့ကြတဲ့အတွက် ဆင်ပေါက်အမလေးမှာ အသက်ဘေးကတော့ လွတ်ခဲ့ရတယ်ဆိုပါတယ်။ ဂျမ်ဂျူရီအနေနဲ့ မိခင်ဆင်မကြီးဖြစ်ပေမယ့် တစ်ခါမှ ခုလို အမြွှာပူးမမွေးဖွားဘူးတဲ့အခါကျတော့ခုလို ဖြစ်ရတာလို့ ယူဆရတာပဲလို့ ဆင်နန်းတော်ရဲ့ ညွှန်ကြားရေးမှူးက ပြောခဲ့ပါတယ်။

အမြွှာမွေးဖွားလာတဲ့ာ ဆင်ပေါက်လေးတွေက အလေးချိန် ၈၀ ကီလိုဂရမ်(၁၇၆ ပေါင်ခန့်) နဲ့ ၆၀ ကီလိုဂ ရမ်(၁၃၂ ပေါင်ခန့်) အသီးသီးရှိကြပြီး ခုနှစ်ရက်အတွင်းသူတို့ကိုအမည်ပေးသွားမယ်လို့လည်း သိရပါတယ်။

ဆင်တွေမှာအမြွှာပူးမွေးဖွားခြင်းက သားဖွားမှု အကြိမ် ၁၀၀ မှာ တစ်ကြိမ်သာတွေ့ရလောက်တဲ့ ထူးခြားတဲ့ ဖြစ်ရပ်လို့ ဆိုကြပါတယ်။

Ref – abc News

Leave a Reply

Your email address will not be published. Required fields are marked *