October 23, 2024

၁၂.၆. ၂၀၂၄
Written by Shwe Phyo

အိန္ဒိယမဏိပူရပြည်နယ်ဝန်ကြီးချုပ်က ၎င်းတို့ပြည်နယ်အတွင်း တရားမဝင်နေထိုင်နေသည့် မြန်မာနေရပ်စွန့်ခွာသူ ၃၈ ဦးကို ဇွန်လ ၁၁ ရက်နေ့တွင် မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်းထုတ်ဖော်ပြောဆိုလိုက်သည်။

မဏိပူရပြည်နယ်အာဏာပိုင်များသည် မတ်လ ၈ ရက်နေ့နောက်ပိုင်းတည်းက လက်ရှိအချိန်အထိ ၎င်းတို့ပြည်နယ်အတွင်း တရားမဝင်ရောက်ရှိနေထိုင်နေသည့် မြန်မာနိုင်ငံသား ၁၁၅ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ထားပြီဖြစ်ကြောင်း သိရသည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ် အမ်ဘီရမ်ဆင်းက ” မဏိပူရ ပြည်နယ်အစိုးရဟာ မြန်မာနိုင်ငံသား ၃၈ ဦးကို မိုးရေးမြို့ စစ်ဆေးရေးဂိတ်ကတစ်ဆင့် မိခင်နိုင်ငံကို ပြန်ပို့ခဲ့တယ်” ဟုပြောသည်။

မဏိပူရပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း တရားမဝင်နေထိုင်သူများကို ဆက်လက်စိစစ်နေဆဲဖြစ်ပြီး မိခင်နိုင်ငံသို့ ပြန်ပို့ရန် ထပ်မံစီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်အမ်ဘီရမ်ဆင်းက ပြောသည်။

မဏိပူရပြည်နယ်အစိုးရသည် ပြီးခဲ့သော မတ်လ ၈ ရက်နှင့်မေလ ၂ ရက်နေ့ကလည်း ၎င်းတို့ပြည်နယ်အတွင်း တရားမဝင်ရောက်ရှိနေထိုင်သည့် မြန်မာနိုင်ငံသား ၇၇ ဦးကို မိုးရေးမြို့စစ်ဆေးရေးဂိတ်မှတစ်ဆင့် မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံသည် ၁၉၅၁ခုနှစ်က ထုတ်ပြန်ခဲ့သော ဒုက္ခသည်ဆိုင်ရာဥပဒေကို လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း နိုင်ငံအတွင်း ဝင်ရောက်လာသော မြန်မာနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများနှင့် ယာယီနေထိုင်ခွင့်များပေးခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *