October 23, 2024

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏သားဖြစ်သူ ဟန်တာဘိုင်ဒန်အား လက်နက်မှုသုံးမှုဖြင့် အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်

၁၂.၆.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဝီလ်မင်တန်မြို့တွင် စစ်ဆေးမှု ပြုလုပ်နေသည့် အမေရိကန်သမ္မတ ဂျိူးဘိုင်ဒန်၏သားဖြစ်သူ ဟန်တာဘိုင်ဒန်အား လက်နက်မှုသုံးမှုဖြင့် တစ်ပတ်ကျော်ကြာ ရုံးတင်စစ်ဆေးအပြီးတွင် တရားသူကြီးအဖွဲ့က ဟန်တာအား ထိုအမှုများတွင် အပြစ်ရှိကြောင်း ဇွန်လ ၁၁ ရက်က အမိန့်ချမှတ်ခဲ့‌ကြောင်း သိရသည်။

တရားသူကြီးအဖွဲ့၏ဆုံးဖြတ်ချက်တွင် ဂျိုးဘိုင်ဒန်၏ အသက်ရှင်လျက်ရှိသည့် တစ်ဦးတည်းသော သား လည်းဖြစ်သည့် ဟန်တာဘိုင်ဒန်က မူးယစ်ဆေးများအသုံးပြုနေစဉ် သေနတ်ကိုင်ဆောင်ခြင်းကြောင့်  အမှုသုံးမှုစလုံးတွင် အပြစ်ရှိကြောင်းဖော်ပြခဲ့သည်။ ပထမအမှုနှစ်ခုကပြစ်ဒဏ် ၁၀ နှစ်စီထိကျခံရနိုင်ကာ တတိယအမှုတွင် ပြစ်ဒဏ်ငါးနှစ်အထိကျခံရနိုင်သည်။ ထို့ပြင် အမှုတစ်ခုလျှင် ဒဏ်ငွေ ဒေါ်လာ ၂၅၀,၀၀၀ အထိ ပေးဆောင်ရနိုင်သောကြောင့် ဟန်တာဘိုင်ဒန်အနေဖြင့် စုစုပေါင်းပြစ်ဒဏ် အများဆုံး ၂၅ နှစ်နှင့် ငွေဒဏ် ၇၅၀,၀၀၀ အထိ ကျခံရနိုင်‌ကြောင်းလည်း သိရသည်။

ပြည်ထောင်စုတရားသူကြီးအဖွဲ့က ဟန်တာဘိုင်ဒန်အနေဖြင့် မူးယစ်ဆေးစွဲသူများအား လက်နက်များ ကိုင်ဆောင်ခွင့်မှ တားမြစ်ထားသည့်ဥပဒေများကို ချိုးဖောက်ခဲ့ကြောင်းကောက်ချက်ချ ပြောကြားခဲ့ကြသည်။ ၎င်းက ၂၀၁၈ ခုနှစ်တွင် ကိုကင်းစွဲနေသောအချိန်က ခြောက်လုံးပြူးသေနတ်တစ်လက်ကို ဝယ်ယူခဲ့ခြင်းကြောင့် တရားစွဲခံရခြင်းဟုလည်း သိရသည်။

၎င်းစွဲချက်က အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံတော်သမ္မတတစ်ဦး၏သားကို ပထမဆုံးအကြိမ်တရားစွဲဆိုမှုလည်းဖြစ်ခဲ့ကာ ဖခင်ဖြစ်သူ ဂျိုးဘိုင်ဒန်က သမ္မတအဖြစ်တာဝန်ယူနေစဉ်မှာပင် အမှုအတွက်အပြစ်ရှိကြောင်း သားဖြစ်သူအားအမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် ဟန်တာဘိုင်ဒန် ၏ပြစ်မှု ကျူးလွန်ကြောင်းစွပ်စွဲခံရမှုများက ဂျိုးဘိုင်ဒန် သမ္မတမဖြစ်မီကပင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆုံးဖြတ်ချက်အပြီး ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာ၌ ဟန်တာဘိုင်ဒန်က တရားရုံးဆုံးဖြတ်မှုအတွက် အလွန်ပင်စိတ်ပျက်မိပါကြောင်း၊ သို့သော် မိသားစု၏ မိမိအပေါ်ထားရှိသောမေတ္တာအတွက် အထူးကျေးဇူးတင်မိကြောင်း ဖော်ပြခဲ့သည်။ သမ္မတ ဂျိုးဘိုင်ဒန်ကလည်း စွဲဆိုထားသောအမှုများတွင် သားဖြစ်သူဘက်မှ ထောက်ခံသွားမည်ဖြစ်ကြောင်း၊ သို့သော် တရားစီရင်ရေးလုပ်ငန်းစဉ်ကိုမှု လေးစားလိုက်နာမည် ဖြစ်ပါကြောင်း ပြောခဲ့သည်။ ထို့ပြင် ၎င်းက သမ္မတအနေဖြင့် ၎င်း၌ သားဖြစ်သူအားလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အာဏာရှိသော်လည်း ထိုသို့မပြုလုပ်ပါဟု ပြောကြားထားခဲ့သည်။

တရားသူကြီးအဖွဲ့က ပြစ်ဒဏ်အတွက် စီရင်ချက်ချမည့်ရက်ကိုမူ မပြောကြားသေးပေ။

Ref- CNN, NBC News

Leave a Reply

Your email address will not be published. Required fields are marked *