October 23, 2024

၁၂. ၆. ၂၀၂၄
Written by Nyein Kyaw

MSME စက်မှုလုပ်ငန်းများအတွက် သက်သာသောနှုန်းထားဖြင့် စက်မှုဇုန်များတွင် မြေနေရာ ငှားရမ်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယမန်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် MSME နှင့် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ရောင်းဝယ်မှုနှင့် အခြားဟူ၍ လုပ်ငန်းအမျိုးအစား (၄) မျိုးအနက် ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) စက်မှုလုပ်ငန်းများအတွက် သက်သာသောနှုန်းထားများဖြင့် စက်မှုဇုန်များတွင် မြေနေရာများ ငှားရမ်းပေးနိုင်ရေးအတွက် ဒေသဆိုင်ရာအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း အေဂျင်စီများအနေဖြင့် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

စက်မှုဝန်ကြီးဌာနသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ၊ ဘွိုင်လာဥပဒေ၊ လျှပ်စစ်ဥပဒေ၊ SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ဓာတုဗေဒနှင့် ဆက်စပ်သော ဥပဒေနှင့် စက်မှုဇုန်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာအစိုးရအဖွဲ့နှင့် ကော်မတီများအနေဖြင့် စက်မှုလုပ်ငန်း၊ စက်မှုဇုန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန်အသစ်များ ဖော်ဆောင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဦးအောင်အောင်က တင်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *