October 23, 2024

MT News
၁၂. ၆. ၂၀၂၄

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကူအညီပေးအပ်သည့် ကင်းလှည့်ရေယာဉ် ၆ စီး လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံး (ဝါးတန်း)၌ ကျင်းပခဲ့သည်။

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အိမ်နီး ချင်းကောင်းဆက်ဆံရေးတို့အပေါ် အခြေပြု၍ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ အားကောင်းစေရေးအတွက်လည်းကောင်း ၂၈ မီတာ ကင်းလှည့်ရေယာဉ် ၂ စီးနှင့် ၄၈ မီတာ ကင်းလှည့်ရေယာဉ် ၄ စီးတို့ကို အကူအညီပေးအပ်ခြင်းဖြစ်ကြောင်းနှင့် လွှဲပြောင်း/လက်ခံခြင်း စာလွှာများကို လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့သော ကင်းလှည့်ရေယာဥ် ၆ စီးကို ဇွန် ၁၁ ရက်တွင် ရန်ကုန်မြို့၌ အောင်မြင်စွာလွှဲပြောင်းပေးအပ်ခဲ့သည့်အဆိုပါစီမံကိန်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင် မြန်မာဘက်က တရုတ်နိုင်ငံထံသို့ တရားဝင်အဆိုပြုခဲ့ပြီး နှစ်ဦးနှစ်ဖက်က ၂ဝ၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းစီမံကိန်း၏ လဲလှယ်မှုစာလွှာကို လက်မှတ်ရေးထိုးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ပြောသည်။

တရုတ်နိုင်ငံဘက်က ဖော်ဆောင်သည့်ကုမ္ပဏီသည် ကပ်ရောဂါ စသည့် အခက်အခဲများကို ကျော်လွှားပြီး ရေယာဉ်များကို အချိန်မီထုတ်လုပ် ပို့ဆောင်ပေးခဲ့သည်။ အဆိုပါကင်းလှည့်ရေယာဥ်များသည် မြန်မာနိုင်ငံက ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ရေအရင်းအမြစ်ကာကွယ် အသုံးချမှု လုပ်ငန်းများကို ပိုမိုကောင်းမွန်စွာဆောင်ရွက်ရန် ကူညီပေးမည်ဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံက ယခုအကြိမ် ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှအစပြု၍ တရားဥပဒေစိုးမိုးမှုစွမ်းရည် တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး စသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ်နက်ရှိုင်းစွာတိုက်ဖျက်သွားကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ခြင်းအား တက်ကြွစွာမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ၏ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်ဟု တရုတ်သံရုံးကထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *