၁၂. ၆. ၂၀၂၄
Written by Nyein Kyaw
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူ ၂၃ ဦးအတွက် သီးခြားပြစ်ဒဏ်ဖြေလျှော့ခြင်း အစီအစဉ်မရှိသော်လည်း ပညာဆက်လက်သင်ကြားလိုသူများကို ပညာရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် ဆက်လက် ပညာသင်ကြားခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ယနေ့တွင် ဖြေကြားထားသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများအား ပြစ်ဒဏ်ဖြေလျှော့ပေးခြင်း ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ၎င်းတို့၏ ပညာရေးကဏ္ဍနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာနအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို မီဒီယာများက SAC သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းခဲ့ရာ အကျဉ်းဦးစီးဌာနမှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“တက္ကသိုလ်ဝင်တန်းဖြေဆိုသူ အင်းစိန် ကျား ၇၊ ၇ ဦးလုံးအောင်။ မန္တလေးကျား ၁၅၊ မ ၂ တွင် ကျား ၁၄ ၊ မ ၂ အောင် ။ အကျဉ်းသားပြစ်ဒဏ်ဖြေလျော့ခြင်းမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ- ၄၀၁ တွင် ဖော်ပြသည့်အတိုင်းသာ ဖြစ်ပါသည်။ ဌာနရည်မှန်းချက်တွင် အသက်မွေးဝမ်းကျောင်းပညာနှင့် စာပေပညာများ လေ့ကျင့်သင်ကြားပေးရေးဟုပါရှိပါသည်။ ပညာဆက်လက်သင်ကြားလိုသူများကို ပညာရေးဝန်ကြီးဌာန၏ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးပါသည်။ အခက်အခဲမရှိပါကြောင်း ဖြေကြားအပ်ပါသည်ခင်ဗျာ” ဟု အကျဉ်းဦးစီးဌာနက ပြန်လည်ဖြေကြေားထားသည်။
၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၇ ဦးစလုံး အောင်မြင်ခဲ့ကာ လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်လေးဦးနှင့် နှစ်ဘာသာ ဂုဏ်ထူးရှင်နှစ်ဦးတို့ဖြင့် ရာနှုန်းပြည့် ဂုဏ်ထူးထွက်ရှိခဲ့သည့်အပြင် အကျဉ်းသား မောင်ကျော်လင်းခင်သည် သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ လေးဘာသာဂုဏ်ထူးနှင့် ရမှတ် ၄၉၈ မှတ်ရပြီး တစ်နိုင်ငံလုံး တတိယရခဲ့ခြင်းဖြစ်သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၇ ဦးဖြေဆိုခဲ့ရာ တစ်ယောက်သာ ကျရှုံးခဲ့ပြီး ၁၆ ဦး အောင်မြင်ခဲ့သောကြောင့် ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အကျဉ်းသား၊ အကျဉ်းသူ ၂၄ ဦး ဝင်ရောက်ဖြေဆိုရာ ၂၃ ဦးအောင်မြင်ခဲ့သည်။ ထို့ကြောင့် ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများ၏ အောင်မြင်မှု ၉၅ ရာခိုင်နှုန်းကျော်အထိရှိခဲ့သည်။