October 23, 2024

၁၁.၆.၂၀၂၄.
Translated by Htwe Ko Tun

အာဖရိကတိုက်၏ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော မာလာဝီ သမ္မတနိုင်ငံတွင် ဇွန်လ ၁၀ ရက်က နိုင်ငံ၏ ချီကန်ဂါဝါ သစ်တောအုပ်အတွင်း ပျက်ကျ ပျောက်ဆုံးနေခဲ့သော ဒုတိယသမ္မတ ဆော်လို့စ် ကလော့စ်ချီ လီမာနှင့်အဖွဲ့ဝင်များ လိုက်ပါလာသောလေယာဉ်အား ဇွန်လ ၁၁ ရက်တွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။

ဒုတိယသမ္မတ ချီလီမာနှင့် အခြားကိုးဦးလိုက်ပါလာသောလေယာဉ်က မြို့တော် လီလွန်ဝီမှ မြောက်ဘက် ၃၈၀ ကီလိုမီတာ(မိုင် ၂၄၀ ) အကွာရှိ အမ်ဇူဇူမြို့သို့ ဇွန်လ ၁၀ ရက် နံနက်ကသွားရောက်စဉ် ရာသီဥတုဆိုးဝါး၍ လေယာဉ်မဆင်းသက်နိုင်ဘဲဖြစ်ရကာ ပြန်လှည့်လာခဲ့စဉ် ပျက်ကျပျောက်ဆုံးနေရခြင်း ဖြစ်သည်။

လေယာဉ်ပျက်အား ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြန်လည်တွေ့ရှိချိန်တွင် ဒုတိယသမ္မတနှင့် အခြား လိုက်ပါလာသူ ကိုးဦးစလုံးမှာ သေဆုံးခဲ့ရပြီဖြစ်ကြောင်း မာလာဝီသမ္မတ လာဇာရုစ် ချာကွီရာက နိုင်ငံသို့ ဇွန်လ ၁၁ ရက်တွင် ထုတ်လွှင့်ခဲ့သော မိန့်ခွန်း၌ အတည်ပြုပြောကြားသွားသည်။

မာလာဝီတပ်ဖွဲ့ဝင်များက ချီကန်ဂါဝါ သစ်တောအုပ်အတွင်း ဇွန်လ ၁၀ ရက်တွင် တစ်ညလုံးရှာဖွေ၍ ဇွန်လ ၁၁ ရက်အထိ ရှာဖွေခဲ့ကြရခြင်းဖြစ်သည်။ သမ္မတ လာဇာရုစ် ချာကွီရာက အသက် ၅၁ နှစ်ရှိ ဒုတိယ သမ္မတ ချီလီမာ လေယာဉ်ပျက်ကျသေဆုံးမှုအတွက် အထူးဝမ်းနည်းကြောင်းနှင့် ချီလီမာ ၏တိုင်းပြည်အတွက် လုပ်ဆောင်မှုများအပေါ် ဂုဏ်ပြုပြောကြားခဲ့သည်။

ချီလီမာ က လွန်ခဲ့သော လေးရက်က သေဆုံးခဲ့သည့် ယခင်အစိုးရဝန်ကြီး ရာ့လ်ပ် ကာဆမ်ဘာရာ၏ ဂူသွင်းအခမ်းအနားသို့ မာလာဝီအစိုးရကိုယ်စားပြုတက်ရောက်ရန်အသွားတွင် ဤသို့လေယာဉ်ပျက်ကျမှုဖြစ်ရခြင်းဟုလည်း သိရသည်။

ချီလီမာက ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် မာလာဝီနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ၂၀၁၄ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

Ref- CBS

Leave a Reply

Your email address will not be published. Required fields are marked *