October 23, 2024

◾️လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော် ဆင်းရဲနွမ်းပါးအခြေအနေကို ရောက်ရှိနေပြီး ထပ်မံ၍လည်းတိုးလာနိုင်ဟု ဆို

၁၂. ၆. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကုန်ထုတ်လုပ်မှုအပေါ် အဟန့်အတားဖြစ်စေသည့် ပဋိပက္ခ၊ မေခရိုစီးပွားရေး မတည်ငြိမ်မှုနှင့် နေရပ်ရွှေ့ပြောင်းရမှုတို့ကြောင့် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရပြီး စီးပွားရေးတိုးတက်မှုမှာ ဆက်လက်နှေးကွေးနေမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

လာမည့် ၂၀၂၅ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလတွင် ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးသည် ၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ခန့်မှန်းချက်များနှင့် ကိုက်ညီမှုရှိသော်လည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ခန့်မှန်းခဲ့သည့် ၂ ရာခိုင်နှုန်းအောက် လျော့နည်းကြောင်း ဖော်ပြထားသည်။

စီးပွားရေးထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်၌ရှိခဲ့သည့် အနေအထားအောက် ၉ ရာခိုင်နှုန်းတွင် ဆက်လက်ရှိနေမည်ဟု ခန့်မှန်းထားပြီး ယင်းသည် ဒေသတွင်းရှိ အခြားတိုင်းပြည်စီးပွားရေးများနှင့် နှိုင်းယှဉ်ကြည့်ပါက သိသာထင်ရှားသည့် ကွာဟချက်ဖြစ်‌နေကြောင်း ဖော်ပြထားသည်။

ထို့အတူ ငွေကြေးဖောင်းပွနှုန်းနှင့် အလုပ်လက်မဲ့နှုန်းများ ဆက်လက်မြင့်တက်နေဖွယ်ရှိသည့်အတွက် ဆင်းရဲမှုအခြေအနေမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွားနေမည်ဖြစ်သည်။ သွင်းကုန်များ ပြတ်လပ်မှု၊ လုပ်သားဈေးကွက် မတည်ငြိမ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကလည်း ကုန်ထုတ်လုပ်ရေးလုပ်ငန်းများအား အတားအဆီးဖြစ်စေပြီး ဝင်ငွေကျဆင်းမှုနှင့် အိမ်ထောင်စုများ အသုံးစရိတ် ခြွေတာရမှုများကလည်း စားသုံးမှုနှင့် လက်လီရောင်းဝယ် ဖောက်ကားရေးအတွက် အတားအဆီးဖြစ်စေကြောင်း သိရသည်။

ယခု ၂ဝ၂၄ ခုနှစ်အစတွင်မူ နိုင်ငံလူဦးရေ၏ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေတွင် ရောက်ရှိလာသည့်အတွက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် မြင်တွေ့ခဲ့ရသောအခြေအနေသို့ ပြန်လည်ကျရောက်သွားခဲ့သည့်အပြင် ကျန်သုံးပုံတစ်ပုံသော လူဦးရေသည်လည်း ဆင်းရဲသည့် အခြေအနေသို့ ကျရောက်နိုင်ခြေ မြင့်မားနေသည်။

“နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုများ၊ အလုပ်အကိုင်ဆုံးရှုံးမှုများ နှင့် ဝင်ငွေကျဆင်းမှုများ ဖြစ်လာနေခဲ့ပြီး ဆင်းရဲမှုကျဆင်းရေးအတွက် ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့တဲ့ရလဒ်တွေ အကုန်အလဟဿ ဖြစ်သွားရတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောကြားခဲ့သည်။

အသက်မွေးမှုစီးပွားရေးလုပ်ငန်းများအပေါ် တိုက်ရိုက်သက်ရောက်မှုများအပြင် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်မှုများနှင့် ပြည်တွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ကြောင်း တွေ့ရသလို မတ်လ ၂ဝ၂၄ ခုနှစ်အထိ ခြောက်လတာ ကာလအတွင်း ယခင်နှစ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ကုန်သွယ်ပို့ကုန် ၁၃ ရာခိုင်နှုန်းနှင့် သွင်းကုန် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *