၁၂.၆.၂၀၂၄
Written By Thandar
ပရိသတ်ချစ်ခင်အားပေးမှုရရှိထားတဲ့ အကယ်ဒမီ ခန့်စည်သူရဲ့ မွေးနေ့ကုသိုလ်အနေနဲ့ ဘာသာ သာသနာအတွက်အကျိုးရှိအောင် အလှူအတန်းတွေ ဂရုတစိုက်လုပ်ဖြစ်တယ်လို့ MT Entertainment ကို ပြောပါတယ်။
“ကျွန်တော့်အနေနဲ့ တစ်နှစ်ပတ်လုံးကတော့ အလုပ်တွေ ရှုပ်နေတာပါပဲ။ အလုပ်ရှုပ်တဲ့ကြားက ကောင်းမှုကုသိုလ်တွေကို သေသေချောချာမလုပ်နိုင်ဘူး။ အချိန်လည်း မပေးနိုင်ဘူး။ ဒါပေမဲ့ မွေးနေ့ကြတော့ အမှတ်တရလေးလည်း ဖြစ်အောင် အလှူအတန်းတွေ ဖြတ်သန်းဖြစ်တာပါ။ မွေးနေ့ဆိုတော့ ကိုယ့်အတွက်လည်း အကျိုးရှိတယ်။ အလှူခံပုဂ္ဂိုလ်တွေအတွက် အကျိုးရှိတယ်။ နောက်ဘာသာ သာသနာအတွက်လည်း အကျိုးရှိတယ်။ ဒါကြောင့်မွေးနေ့ကို ဂရုတစိုက်နဲ့ အလှူအတန်းလေးတွေ မဖြစ်မနေလုပ်ဖြစ်အောင် လုပ်လိုက်တာပါ” လို့ အကယ်ဒမီ ခန့်စည်သူက MT Entertainment ကို ပြောပါတယ်။
သူဟာ မွေးနေ့ကုသိုလ်အနေနဲ့ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်စွာဘုရားကြီးကို ညရုံတော် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်ပေါ်ရှိ နောင်တော်ကြီး စေတီတော်မြတ်ကြီးကို ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံခြင်းနဲ့ ထီးတော်သစ်တင်လှူခြင်းတို့အတွက် ကျပ် ၈၁ သိန်း၊ မဟာဗောဓိ ညောင်ပင်ဂြိုဟ်ကြီး(၈)ခွင် နဲ့ ဂြိုဟ်ပြေ၊ နံပြေဘုရားတွေရဲ့ (ကြသပတေးဒေါင့်ဂြိုဟ်တိုင်နဲ့ ဘုရားတစ်ဆူ)အတွက် အလှူတော်ငွေ ကျပ် ၇ သိန်း ၊ ပရိတ်ကြီး ၁၁ သုတ်နဲ့ မဟာပဋ္ဌာန်းစာအုပ် အုပ်ရေ(၁၀၀၀) လှူဒါန်းခြင်းအတွက် အလှူတော်ငွေ ကျပ် ၃၅ သိန်း ၊ ဓမ္မဝိဟာရ ပညာရေးအကယ်ဒမီကျောင်း (ရန်ကုန်) ရှိ စာသင်သား ၊ရှင်သာမဏေ ၊ ကျောင်းသား အားလုံးပေါင်း ၁၀၀ အတွက် ပညာသင်စရိတ်ထောက်ပံ့လှူဒါန်းခြင်းအတွက် ကျပ် သိန်း ၁၀၀ ၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ဆယ်ဧက စံပြကျေးရွာအတွက် အရှည်(၂၅) ပေကွန်ကရိတံတားအတွက် အလှူငွေ ကျပ် ၁၀ သိန်းတို့ကို လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
ခန့်စည်သူကတော့ ရေနံ့သာခင်ခင်ကြီးဇာတ်လမ်းတွဲမှာ ဗန့်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပြီး ဇာတ်လမ်းတွဲသစ်တစ်ခုကိုရိုက်ကူးနေလျက်ရှိတယ်လို့ သိရပါတယ်။
“ကျွန်တော့်ရဲ့ လှူဒါန်းမှုအစုစုကို ၇ ရက်သား၊ သမီး အပေါင်း သူတော်ကောင်းတွေကို ကုသိုလ်အမျှ ပေးဝေငှပါတယ်။ မြန်မာပြည်ကြီးလည်း အမြန်ဆုံး အေးချမ်းပါစေ။ လက်ရှိတော့ ကျွန်တော် ဇာတ်လမ်းတွဲတစ်ခုရိုက်နေပါတယ်။ မကြာခင်တော့ ရိုက်ကူးထားတာလေး ပရိသတ်ကို အသိပေးသွားမှာပါ။ လက်ရှိ ထုတ်လွှင့်နေတဲ့ ရေနံ့သာခင်ခင်ကြီး ဇာတ်လမ်းတွဲကိုလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။