October 23, 2024

၁၂. ၆. ၂၀၂၄
Written by Ye Kyaw

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံလူတန်းစားများအတွက် သက်သာသောဈေးနှုန်းဖြင့် တစ်လလျှင် ဆန်အိတ် ၁၀,၀၀၀ ဝန်းကျင် ရောင်းချပေးနေပြီး ဆန်ရောင်းချမှုအား လာမည့် အောက်တိုဘာလကုန်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က MT News သို့ ပြောသည်။

ငစိန်ဆန်ကြမ်းသည်ပင် တစ်ပြည် ကျပ် ၃,၂၀၀ ကျော်လာ၍ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၈ ခုရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် သက်သာသောဈေးနှုန်းဖြင့် ဧည့်မထဆန်တစ်ပြည် ကျပ် ၃၀၀၀ ဖြင့် ရောင်းပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မေလ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဧည့်မထဆန်တစ်ပြည် ကျပ် ၃၀၀၀ ဖြင့် တစ်ပတ်လျှင် ဧည့်မဆန်အိတ် ၂,၀၀၀ မှ ၃၀၀၀ ဝန်းကျင်ရောင်းချပေးနေ၍ တစ်လလျှင် ဆန်အိတ် ၈,၀၀၀ မှ ၁၂,၀၀၀ ဝန်းကျင်အထိ ရောင်းချပေးနေခြင်းဖြစ်ကာ အဆိုပါ ပမာဏအတိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခု ဆက်တိုက်ရောင်းပေးနေပါတယ်။ မရပ်သေးပါဘူး။ စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလကုန်အထိ ရောင်းပေးမှာပါ။ ဆိုင် ၆၀ နီးပါးကို တစ်ပတ်ကို ဆန်အိတ်‌ရေ စုစုပေါင်း ၂,၀၀၀ ကနေ ၃,၀၀၀ ဝန်းကျင် ရောင်းပေးနေပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

သက်သာသောဈေးနှုန်းဖြင့် ရန်ကုန်မြို့တွင်းရှိ လှိုင်၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ မှောဘီ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်တို့တွင် ရောင်းချပေးနေခြင်းဖြစ်သည်။

ထို့ပြင် ဆန်ရောင်းချပေးနေသည့် ဆန်ဆိုင်တချို့တွင် စာအုန်းဆီကိုပါ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းကြောင့် ဆန်နှင့် စားအုန်းဆီကို တစ်ပြိုင်တည်း ရောင်းချပေးနေမှုကြောင့် အခြေခံလူတန်းစားများအတွက် ပိုမိုအဆင်ပြေမှုရှိနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ဝါတန်းဆန်ကုန်စည်ဒိုင်တွင် ပေါ်ဆန်းရှယ် တစ်အိတ် ကျပ် ၁၆၀,၀၀၀ (တစ်ပြည် ၆၆၀၀ ကျပ်)၊ လူလတ်တန်းစား အများဆုံးစားသည့် ကြားပျံရှယ် တစ်ပြည် ၅၈၀၀ ကျပ်နှင့် ငစိန်ဆန်ကြမ်း တစ်ပြည် ၃၀၀၀ ကျပ်ရှိသည်။

သို့သော် လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းထူးထူးရှယ် တစ်အိတ် တစ်ပြည် ကျပ် ၈၀၀၀ ခန့်၊ လူလတ်တန်းစား အများဆုံးစားသည့် ကြားပျံရှယ်တစ်အိတ် တစ်ပြည် ၆၇၀၀ ကျပ်နှင့် ငစိန်ဆန်ကြမ်းတစ်အိတ် တစ်ပြည် ၃၂၀၀ အထိ မြင့်တက်နေသည်။

ထို့ပြင် ဆန်ချောမတတ်နိုင်သော ပြည်သူများ ဆန်ကြမ်းပြောင်းလဲစားသုံးမည်ဆိုပါကလည်း ရက် ၉၀ ဆန်တစ်ပြည် ၃၈၀၀ ကျပ်၊ ဇီယာဆန်တစ်ပြည် ၃၇၀၀ ကျပ်၊ မနောသုခဆန် တစ်ပြည် ၄၀၀၀ ကျပ်နှင့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် ဧည့်မထဆန်ကြမ်းအသစ်သည်ပင် ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် တစ်အိတ် ကျပ် ၇၈,၀၀၀ (တစ်ပြည် ၃၂၅၀ ကျပ်) အထိဖြစ်ပေါ်နေသည်။

ပုံစာ-သင်္ဃန်းကျွန်းမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့် စားအုန်းဆီများ ရောင်းချပေးနေမှုကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *