၂၂.၁၂.၂၀၂၂
Written by Thi Ha
မော်လမြိုင် ကမ်းနားလမ်းတွင် အမျိုးသမီးတစ်ဦးရေထဲခုန်ချကာ သေကြောင်းကြံစည်မှုတစ်ခု ဒီဇင်ဘာ ၂၁ ရက်ည ၈ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး ထိုသို့ ခုန်ချနစ်မြုပ်စဥ် သင်္ဘောကျောက်ဆူးကြိုး ဆုပ်ကိုင်မိထားရာမှ ရေကျချိန်တွင် ဦးခေါင်းပေါ်လာကာ အသက်ရှုနိုင်သဖြင့် ခုန်ချချိန်မှ တစ်နာရီခန့်အကြာတွင် အသက်ရှင်လျှက် ပြန်လည်ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း မွန်ပြည်နယ် မော်လမြိုင်မီးသတ်တပ်ဖွဲနှင့် ရာမည လူမှုကူညီကယ်ဆယ်ရေး ဒိုင်ဗင်အသင်းမှ သိရသည်။
ဖြစ်စဥ်မှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးငယ်သည် မော်လမြိုင်ကမ်းနားတွင် ဖိနပ်ချွတ်ထားခဲ့ကာ ရေထဲ ခုန်ချသွားကြောင်း ရာမညကူညီကယ်ရေးအသင်းထံ အကြောင်းကြားလာသဖြင့် ရာမည Diving Team မှ လိုက်လံရှာဖွေကယ်ဆယ်ရာ ခုန်ချသည့်နေရာနှင့် ပေ၂၀၀ ကျော်အကွာ သင်္ဘောကျောက်ဆူးကြားတွင် ညှပ်လျှက် ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
“အမျိုးသမီးကလည်း ကံကောင်းတယ်ပြောရမယ်။ ရေနစ်သူတွေမှာက ရေအောက်ရောက်ရင် ဆွဲမိဆွဲရာ ဆုပ်မိဆုပ်ရာ ဆုပ်ကိုင်ကြတာ။ သူက သင်္ဘောကြားရောက်ပြီး ကျောက်ဆူးကြိုးကို ဆွဲထားမိတော့ ရေကျချိန်နဲ့ တိုက်နေတဲ့အခါ ခေါင်းက ရေပေါ်ပေါ် လာတယ်။ အသက်ရှူလို့ ရနေတဲ့အတွက် ကယ်ဆယ်ရှာဖွေချိန် ၁ နာရီ နီးပါးမှာ အသက်ပါလျှက်သား ကျွန်တော်တို့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ခန္ဓာကိုယ်ကတော့ အေးစက် တောင့်တင်းပြီး အကြောတွေကပ်နေလို့ ခဲရာခဲဆစ်ကို ကျောက်ဆူးကြားနေ ဆွဲထုတ်ခဲ့ရတာပါ။ မော်လမြိုင်ဆေးရုံကြီးကို တင်ပို့ပြီး ကုသမှုလည်း ခံယူနေပါတယ် “ဟု ရာမည ကူညီကယ်ဆယ်ရေး ဒိုင်ဗင်အသင်းမှ တာဝန်ရှိသူက ပြောသည်။